ရခိုင်နယ်စပ်တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ရသည့်အထိ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများအကြားစိုးရိမ်မြင့်လာနေဟုဆို

(အေအေတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နဟန်းကျေးရွာအနီးတွင် ရက္ခိုင်တပ်မတော်(အေအေ)အား မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရသည့်အထိ တိုက်ပွဲအရှိန်မြင့်မားလာသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မှုများ မြင့်မားလာနေသည်ဟု ဒေသခံများက ပြောကြားသည်။

“ တိုက်ပွဲက ၀ါးနက်ရုံအလွန် နဟန်းကို မရောက်မီ ယောကိုင်းချောင်းဖျားမှာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဒီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီလောက်က ဖြစ်ပါတယ်။ ရဟတ်ယာဉ်နှစ်စီးကို ဗုံးကြဲပြီး ပြန်သွားတဲ့အခါ မြင်ရပါတယ်။ နှစ်စီးပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားသွားသဖြင့် ၀ါးနက်ရုံ၊ ငဖရုံကျေးရွာသားများအပါအ၀င် ခမီးတိုင်းရင်းသားများ အနေဖြင့် စိုးရိမ်မှုများမြင့်တက်နေကြောင်း၊ ဆက်လက် တိုက်ပွဲ ဖြစ်ပွားပါက ရွာမှ ထွက်ပြေးကြမည် ဖြစ်ကြောင်း သူက ပြောသည်။

“ အရင်ကတော့ ဒီမိုင် ၆၃ အနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဲဒါက ဟိုနှစ်က ပါ။ ဒီနှစ်မှာတော့ အခုတစ်ကြိမ် ဖြစ်ပွားတာ ပထမဆုံး အကြိမ်ပါ။ မိုင်တိုင် ၆၃ အောက်ဘက်ချောင်းမှာ ဖြစ်တာပါ။ အခု အဲဒီတိုက်ပွဲ ဖြစ်တဲ့ ဒေသက လူတွေလည်း တောတောင်ထဲလည်း မသွားရဲဘဲ ဖြစ်နေကြပါပြီ” ဟု ဆိုသည်။

မြန်မာတပ်မတော်မှ ဟယ်လီကော်ပတာ နှစ်စီးဖြင့်သူတို့တပ်ဖွဲ့အား နိုဝင်ဘာ ၁၉ ရက်နေ့က မနက် (၁၀) နာရီ (၅၀)မိနစ်မှ စတင်ပြီး (၁၁)နာရီ (၂၀)မိနစ်အထိ နာရီဝက်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အေအေ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အေအေမှ ပြောခွင့်ရသူ ခိုင်သုခအားဆက်သွယ်မေးမြန်းရာ သူက “ မြန်မာစစ်တပ်က နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အထိနာပြီးပိတ်မိနေတဲ့ ကျောက်ဖြူအခြေစိုက် ခမရ (၅၄၃) ကို ကယ်ထုတ်လိုတဲ့ အတွက် ရဟတ်ယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။ နာရီဝက်ခန့်ကြာပါတယ်”ဟု သူက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက် ရှိ / မရှိကို မသိရသော်လည်း ၎င်းဗုံကြဲတိုက်ခိုက်မှု မတိုင်မီ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေက ဖြစ်ပွားခဲ့သည့် (၄) နာရီကြာ တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ အရာရှိတစ်ဦး အပါအ၀င် စစ်သည် ၇ ဦးကျဆုံးခဲ့ပြီး အေအေဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း အေအေ၏ ကျေညာချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြန်မာတပ်မတော်ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးသည့် အပြင် မေးမြန်းရန်လည်း အခက်အခဲရှိသဖြင့် ယခုတိုက်ခိုက်မှု အပါအ၀င် အကျအဆုံး ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိရရှိသော သတင်းများအရ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝ အထက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းများရရှိသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
ရခိုင်နယ်စပ်တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ရသည့်အထိ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများအကြားစိုးရိမ်မြင့်လာနေဟုဆို ရခိုင်နယ်စပ်တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ရသည့်အထိ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများအကြားစိုးရိမ်မြင့်လာနေဟုဆို Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.