တပ်ဘက်က တိုင်းရင်းသားဆက်ဆံရေးရုံးတွေကို အကြောင်းမကြားပဲ တပ်ရွှေ့ပြောင်းလှုပ်ရှားမှုတွေရှိ

 တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီ KNPP နဲ့ ရှမ်းမြောက်တပ်ဖွဲ့ SSPP/SSA အဖွဲ့တို့ရဲ့ ခေါင်းဆောင်တွေ
အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါဝင် အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးဆိုင်ရာ စုံညီအစည်းအဝေးကို လွိုင်ကော်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကျင်းပပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးနေတဲ့ အကြောင်းအရာ တရပ်က အပစ်ရပ်စာချုပ်တွေမှာ ပါဝင်တဲ့ အပစ်ရပ်နယ်မြေတွေအတွင်း နှစ်ဘက် တပ်တွေ လှုပ်ရှားသွားလာတော့မယ်ဆိုရင် ဆက်ဆံရေးရုံးကနေ ကြိုတင်အကြောင်းကြားဖို့ ဆိုတဲ့ ကိစ္စတွေမှာ အစိုးရစစ်တပ်ဘက်က အကြောင်းမကြားပဲ သွားလာနေတာတွေ ရှိနေတယ်ဆိုပြီး ဆွေးနွေးနေကြတာပဲ ဖြစ်ပါတယ်။

လွိုင်ကော်မှာ ကျင်းပတဲ့ အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ရဲ့ ဆက်ဆံရေးရုံး ၃၇ ရုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေတာပါ။

ဆက်ဆံရေးရုံးတွေရဲ့ အဓိက လုပ်ငန်းစဉ်တွေက အပစ်ရပ်စဲရေး လုပ်ငန်းစဉ်ကာလအတွင်း ပဋိပက္ခတွေ မဖြစ်ဖို့အတွက် အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဘက်တပ်တွေအကြား လှုပ်ရှားသွားလာမှုတွေကို ဆက်ဆံရေးရုံးတွေက တဆင့် အကြောင်းကြားသွားလာဖို့ ကိစ္စတွေပါသလို နှစ်ဘက်အကြား ဆက်သွယ်ဆွေးနွေးရမဲ့ ကိစ္စတွေအတွက်လည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံလူထုတွေရဲ့ အခက်အခဲတွေကို တိုင်ကြားနိုင်အောင်နဲ့ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဆွေးနွေးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာပါ။

တဖွဲ့ချင်းအလိုက် အပစ်ရပ် စာချုပ်တွေမှာဆိုရင် တပ်ရွှေ့ပြောင်းသွားလာမှုနဲ့ ခရီးသွားမှုတွေအတွက် ဆက်ဆံရေးရုံးတွေဆီကို ၃ ရက်ကြိုတင်အကြောင်းကြားရမယ်ဆိုတာ ပါရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေအတွင်း ဆေးသွားကုတာ ၊ လမ်းဖောက်ဖို့ သွားကြည့်တာ ၊ ရှေ့တန်းပြန်မဲ့ တပ်တွေ လေ့ကျင့်ခန်းလုပ်တာ ၊ မိုင်ရှည်ခရီးရှည်ချီတက်မှု လုပ်တာ စတဲ့ ကိစ္စတွေ လုပ်တိုင်း ကြိုတင်သတင်းပို့ အကြောင်းကြားခြင်း မရှိတဲ့ ကိစ္စတွေ ရှိပြီး အဲဒီလို လုပ်တဲ့အတွက် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးမှုတွေလည်း ရှိနေကာ အပစ်ရပ်စဲရေး အပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်မှုတွေဖြစ်စေတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်တာ ၅ နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ ကေအန်ပီပီဆိုရင် အဲဒီကိစ္စမျိုးကို ၆ ကြိမ်ထက်မနည်းကြုံဖူးပြီး ၂၀၁၅ ခုနစ်က တကြိမ်နဲ့ လွန်ခဲ့တဲ့ သြဂုတ်လ တကြိမ် တပ်မတော်ရဲ့ ကြိုတင်အကြောင်းမကြားပဲ တပ်ရွှေ့ပြောင်းပြီး ကေအန်ပီပီနယ်မြေထဲ ဝင်လာမှုတွေကြောင့် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်မလိုဖြစ်ခဲ့ရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

တိုင်ရင်းသားလက်နက်ကိုင်တွေအနေနဲ့ အဲဒီလို အနေအထားမျိုး ကြုံရင် ဘယ်လို ဖြေရှင်းကြသလဲ။

တိုင်းရင်းသား လက်နက်ကိုင်တွေကို တပ်ဘက်က ဖုန်းနဲ့ ဆက်သွယ်ပြောဆိုတာ ဒေသအလိုက် စစ်ဌာနချုပ်တွေမှာ ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ပြီး ပြောဆိုတာတွေလည်း ရှိသလို အဲဒီနောက် ဆက်ဆံရေးမှူးတွေက ဗဟိုဌာနချုပ်တွေကို အသိပေးအကြောင်းကြားမှုတွေ ပြုလုပ်ရတာတွေ ရှိပြီး ကိစ္စအတော်များများမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကင်းစခန်းတွေကို ဖယ်ပေးရတာတွေ ရှိတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

အန်စီအေနိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်မထိုးပဲ တဖွဲ့ချင်းစီအလိုက် အပစ်ရပ်လက်မှတ်ထိုးထားပြီးနေက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဖြစ်သလို တခါတလေ သူတို့အဖွဲ့နဲ့ တပ်မတော်အကြား ဖြစ်တဲ့ တိုက်ပွဲတွေမှာ တပ်ဘက်က ရဟတ်သုံး တိုက်ခိုက်တာတွေလည်း ရှိခဲ့တာပါ။

အန်စီအေ ထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေမှာကော တပ်လှုပ်ရှားမှုလို ကိစ္စရပ်တွေမှာ အစိုးရ တပ်ဘက်က အကြောင်းမကြားပဲ လှုပ်ရှားသွားလာတာတွေ ရှိခဲ့တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရှိခဲ့သလို တချို့ကိစ္စတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အပစ်ရပ်စာချုပ်ပါ အချက်တချို့ကို ဖောက်ဖျက်တာလည်း ရှိတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

လွိုင်ကော်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆက်ဆံရေးရုံးဆိုင်ရာ ၁၁ ကြိမ်မြောက် အစည်းအဝေးမှာ ဆက်ဆံရေးရုံးတွေရဲ့ အကျိုးပြုမှုနဲ့ အားနည်းချက်တွေ ၊ ရုံးရပ်တည်မှုအတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အဓိကထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိတဲ့ အပစ်ရပ် အဖွဲ့တွေကတော့ ဝ ၊ မိုင်းလား နဲ့ နာဂ စတဲ့ တဖွဲ့ချင်းအလိုက် အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တပ်ဘက်က တိုင်းရင်းသားဆက်ဆံရေးရုံးတွေကို အကြောင်းမကြားပဲ တပ်ရွှေ့ပြောင်းလှုပ်ရှားမှုတွေရှိ တပ်ဘက်က တိုင်းရင်းသားဆက်ဆံရေးရုံးတွေကို အကြောင်းမကြားပဲ တပ်ရွှေ့ပြောင်းလှုပ်ရှားမှုတွေရှိ Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.