ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး (၂)ဦးသေ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် နိုဝင်ဘာ ၁၀ ရက်၊ ညနေပိုင်းက ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ရာ (၂)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
"ကားသမားရော၊ ဆိုင်ကယ်သမားရော မဆင်မခြင်မောင်းကြလို့ လမ်းလယ်မှာ တိုက်ကြတာ။ ဆိုင်ကယ်ပေါ်ပါ (၂)ဦးစလုံး ဖြစ်တဲ့နေရာမှာပဲ သေသွားတယ်၊ ကားသမားက ဒဏ်ရာအနည်းငယ်ရသွားတယ်။''ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

 မော်လမြိုင်ဘက်မှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း ဇင်မင်း(၂၁)နှစ်၊ မြဝတီမြို့နေသူမောင်းနှင်လာသော Mini Copper အစိမ်းရောင်ယာဉ်နှင့် အမည်မသိလူ(၂)ဦးလိုက်ပါလာသော ပဲခူးလိုင်စင်ဆိုင်ကယ်တို့သည် ကားလမ်း မိုင်တိုင်အမှတ်(၁၁၂/၅)အနီးတွင် လမ်းလယ်၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါအမည်မသိလူ(၂)ဦးမှာ ဖြစ်စဉ်နေရာတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဇက်ကျိုး၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးထွက်၊ ပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဇင်မင်းတွင် ရင်ဘတ် နာကျင်၊ ဝဲပါးပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မ ရဲစခန်းက ယာဉ် (ပ)၁၀၉/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ် ၂၇၉/ ၃၃၇/ ၃၃၈ /၃၀၄- က ဖြင့် ဇင်မင်းနှင့် အမည်မသိဆိုင်ကယ်မောင်းသူအား အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး (၂)ဦးသေ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး (၂)ဦးသေ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.