ကင်ဂျုံနမ်းလုပ်ကြံတိုက်ခိုက်ခံရမှု ဗီဒီယို တရားရုံးမှာ တင်သွင်း


မြောက်ကိုးရီးယားခေါင်ဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူအမေကွဲညီအကို ကင်ဂျုံနမ်း မလေးရှားလေဆိပ်မှာ တိုက်ခိုက်ခံရတဲ့ပုံနဲ့ တိုက်ခိုက်သူအမျိုးသမီးနှစ်ယောက် ထွက်ပြေးသွားကြတဲ့ပုံတွေပါတဲ့ ဗီဒီယိုကို ဒီကနေ့ တရားရုံးချိန်းမှာတင်သွင်းခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မနက်က ကွာလာလာမ်ပူလေဆိပ်ရဲ့ ပြည်ပထွက်ခွာဂိတ်ခန်းမ Check-in ဧရိယာထဲကို ကင်ဂျုံနမ်းရောက်ရှိလာတာ၊ အခုဖမ်းဆီးထားတဲ့ ဗီယက်နမ်အမျိုးသမီးက သူ့အနားကပ်သွားပြီး ကင်ဂျုံနမ်းရဲ့မျက်နှာကို အနောက်ဘက်ကနေအုပ်ကိုင်လိုက်ပြီး ထွက်ပြေးသွားတဲ့ မှတ်တမ်းတွေ ပါဝင်ပါတယ်။

ဒုတိယသံသယရှိသူ အင်ဒိုနီးရှားအမျိုးသမီးက ကင်ဂျုံနမ်းကို တိုက်ခိုက်ပုံဗီဒီယိုထဲမှာမပါပေမဲ့ ဗီယက်နမ်အမျိုးသမီးပြေးရာနဲ့ ဆန့်ကျင်ဘက်ကို ထွက်ပြေးသွားတဲ့သူဟာ အဲဒီအင်ဒိုနီးရှား အမျိုးသမီးဖြစ်တယ်လို့ လေဆိပ်ရဲအရာရှိက ထွက်ဆိုသွားပါတယ်။

ဗီယက်နမ်အမျိုးသမီးဟာ ကင်ဂျုံနမ်းကို မတိုက်ခိုက်ခင် နှစ်ရက်က လူတယောက်ကိုချဉ်းကပ်ပြီး အဲဒီပုံစံအတိုင်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ ကင်ဂျုံနမ်းကို VX အဆိပ်နဲ့သုတ်ပြီး လုပ်ကြံမယ့်ပုံစံကို လေ့ကျင့်တာဖြစ်နိုင်တယ်လို့လည်း အဲဒီအရာရှိက ပြောဆိုပါတယ်။

အမျိုးသမီးနှစ်ယောက်လုံးဟာ ဆန့်ကျင်ဘက်အရပ်ဆီ ပြေးထွက်သွားကြရာမှာ သူတို့လက်တွေကို ကိုယ်နဲ့ဝေးရာဘက်ကို ဆန့်ကားထားပါတယ်။ အဲဒါဟာ လက်မှာကိုင်ထားတဲ့ အဆိပ်နဲ့ တခြားနေရာတွေကို မထိမိအောင်ရှောင်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ သန့်စင်ခန်းထဲကို ဝင်သွားပြီး ပြန်ထွက်လာတဲ့အခါမှာတော့ သူတို့လက်တွေက ပုံမှန်အနေအထားပြန်ဖြစ်သွားတယ်လို့လည်း အဲဒီ ရဲအရာရှိက ထွက်ဆိုပါတယ်။ ကင်ဂျုံနမ်းကို သူတို့တိုက်ခိုက်တဲ့အထပ်မှာ သန့်စင်ခန်းရှိပေမဲ့ သူတို့ဟာ အောက်ထပ်က သန့်စင်ခန်းဆီသွားခဲ့တယ်လို့လည်း သူကဖြည့်စွက်ပြောဆိုခဲ့ပါတာယ်။

အဲဒီအမျိုးသမီးတွေဟာ အဲဒီအဆိပ်ကို ဘယ်လိုသုံးစွဲရမလဲဆိုတာသိတယ်လို့ အစိုးရရှေ့နေက ပြောဆိုပြီး ဓါတုဗေဒပညာရှင်တယောက်ကတော့ အဲဒီ VX အဆိပ်ဟာ လက်ကို အသေအချာဆေးသန့်စင်ပစ်နိုင်တယ်လို့ ပြောပါတယ်။ ဗီယက်နမ်အမျိုးသမီး ကင်ဂျုံနမ်းရဲ့မျက်နှာကိုသုတ်ခဲ့တဲ့ VX အဆိပ်ဟာ သေစေနိုင်တဲ့ ပမာဏဖြစ်တယ်လို့လည်း သူကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကင်ဂျုံနမ်းလုပ်ကြံတိုက်ခိုက်ခံရမှု ဗီဒီယို တရားရုံးမှာ တင်သွင်း ကင်ဂျုံနမ်းလုပ်ကြံတိုက်ခိုက်ခံရမှု ဗီဒီယို တရားရုံးမှာ တင်သွင်း Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.