ကင်ဂျုံအွန်းရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ အမေရိကန် အဆိုပြု

အမေရိကန်ရဲ့ အဆိုပြုလွှာမှာ ကင်ဂျုံအွန်းရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားလာ
ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေမှာ ရေနံ ပိတ်ပင်မှု အပါအဝင် ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ပိုင်ဆိုင်မှုတွေ မရွှေ့မပြောင်း နိုင်အောင် ထိန်းချုပ်ဖို့ပါ အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ၆ ကြိမ် မြောက် နျူကလီးယား စမ်းသပ်ခဲ့တာ အပါအဝင် ဒုံးကျည် စမ်းသပ်ပစ်လွှတ်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူ ပိတ်ဆို့တာတွေ ထပ်လုပ်ဖို့ အမေရိကန်က တင်ပြ တောင်းဆိုခဲ့တာပါ။

တရုတ်နဲ့ ရုရှ နိုင်ငံတွေကတော့ နောက်ထပ် အရေးယူမှု အသစ်တွေကို ကန့်ကွက်မယ်လို့ ယူဆရပါတယ်။

ပြုံယမ်းအစိုးရဟာ ဟိုက်ဒရိုဂျင်ဗုံး ထိပ်ဖူးတပ် ဒုံးကျည် အသင့်ဖြစ်နေပြီလို့ ကြေညာထားပါတယ်။ အမေရိကန်ပိုင် နယ်မြေတွေကို တိုက်ခိုက်မယ်ဆိုပြီးလည်း အဆက်မပြတ် ခြိမ်းခြောက်နေပါတယ်။
 နောက်ဆုံးအကြိမ် နျူကလီးယား စမ်းသပ်ခဲ့မှုကို နိုင်ငံသားတွေ အောင်ပွဲခံခဲ့လို့ မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်တာတွေကို ရပ်တန့်စေဖို့ အတွက် လက်ရှိမှာလည်း ကုလသမဂ္ဂက တင်းကျပ်တဲ့ အရေးယူပိတ်ဆို့ထားတာတွေ ရှိပါတယ်။

သြဂုတ်လက ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုမှာ မြောက်ကိုရီးယားရဲ့ အဓိက ထွက်ကုန် ကျောက်မီးသွေး တင်ပို့ခွင့် တားမြစ်ခဲ့လို့ မြောက်ကိုရီးယား အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလျံ တန်ဖိုး နစ်နာဖို့ ရှိပါတယ်။

ဒါ့ပေမယ့် တခြား ကုန်သွယ်ရေး လမ်းကြောင်း တချို့ကတော့ ပွင့်နေဆဲ ဖြစ်ပါတယ်။

 မြောက်ကိုရီးယား ပြည်တွင်းထွက်ကုန်တန်ဖိုး စုစုပေါင်းရဲ့ ၂၅ % ကို စစ်တပ် အတွက် အသုံးချ
အခု အမေရိကန်ဘက်က တင်ပြထားတဲ့ အရေးယူမှု အသစ်မှာ မြောက်ကိုရီးယားကို ထောက်ပံ့ တင်သွင်းနေတဲ့ ရေနံ ဆက်စပ် ပစ္စည်း အားလုံး အလုံးစုံ ပိတ်ပင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ အထည်အလိပ် လုပ်ငန်း ပို့ကုန်တွေကို တားမြစ်ဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် မစ္စတာကင်နဲ့ မြောက်ကိုရီးယား အစိုးရအဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးကို ခရီးသွားလာခွင့် ပိတ်ပင်ဖို့ ကိုလည်း အကြံပြုထားပါတယ်။

ပြည်ပ ရောက်နေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ အထူးသဖြင့် ရုရှနဲ့ တရုတ်နိုင်ငံရောက် မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ အလုပ် လုပ်ကိုင်ခွင့်ကိုလည်း တားမြစ်ဖို့ ရှိပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားကို ရေနံတင်ပို့နေပြီး လုံခြုံရေးကောင်စီမှာလည်း ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ တရုတ်နဲ့ ရုရှ နှစ်နိုင်ငံက အမေရိကန်ရဲ့ အဆိုကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ မသိရသေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီရဲ့ ကြာသပတေးနေ့က ပြောဆိုချက်မှာတော့ လုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယား အပေါ် လိုအပ်တဲ့ အရေးယူမှုတွေနဲ့ တုံ့ပြန်သင့်တယ်လို့ ဆိုထားပြီး ဘယ်လို အရေးယူသင့်သလဲ ဆိုတာကိုတော့ ပြောမသွားပါဘူး။

ပိတ်ဆို့အရေးယူတာနဲ့ ဖိအားပေးတာတွေက ပြဿနာကို တဝက်ပဲ ဖြေရှင်းပေးနိုင်ပြီး ကျန်တာကတော့ စေ့စပ်ညှိနှိုင်း အဖြေရှာမှ ရမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

ရုရှ သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ သူ့နိုင်ငံက မြောက်ကိုရီးယားကို တင်ပို့နေတဲ့ ရေနံ တန်ချိန် ၄၀,ဝ၀ဝ က မပြောပလောက်ဘူး လို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားကို ချောင်ပိတ်မိစေတဲ့ အနေအထားကို တွန်းပို့တာကို သူက မလိုလားပါဘူး။

မြောက်ကိုရီးယား အရေးမှာ တရုတ်နဲ့ ရုရှ နှစ်နိုင်ငံစလုံးက အခြား နည်းလမ်းတွေနဲ့ အဖြေရှာဖို့ တိုက်တွန်းနေခဲ့တာပါ။

အမေရိကန် ဒုံးခွင်းဒုံးတွေ တောင်ကိုရီးယားမှာ တင်ဆင်ထား
ပြုံယမ်းဘက်က နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်တာတွေ ရပ်တန့်ဖို့ အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားဘက်ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်တာတွေနဲ့ တောင်ကိုရီးယားမြေပေါ်မှာ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး စနစ် (Terminal High Altitude Area Defence System - Thaad) တပ်ဆင်တာတွေ မပြုလုပ်ဖို့ တရုတ်နဲ့ ရုရှက တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ဘက်ကတော့ ဒီအဆိုပြုချက်ကို လက်မခံခဲ့ပါဘူး။

ဒီနေ့ ကြာသပတေးနေ့မှာပဲ တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံး Thaad အပြည့်အဝ တပ်ဆင်ပြီးသွားပြီလို့ တောင်ကိုရီးယား စစ်တပ်က ကြေညာကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်မှာ ဖော်ပြထားပါတယ်။

ဒုံးခွင်းဒုံးကို ဆန့်ကျင့်တဲ့ တောင်ကိုရီးယားနိုင်ငံသား တချို့ ရဲနဲ့ အချင်းများ
ဗုဒ္ဓဟူးနေ့တုန်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့ တယ်လီဖုန်းက တဆင့် မြောက်ကိုရီးယား အရေး ဆွေးနွေးခဲ့ကြပြီး နောက်ထပ် အရေးယူတာတွေ လုပ်ဖို့ နှစ်ဖက် ခေါင်းဆောင်ကြား သဘောတူညီခဲ့ကြတယ်လို အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ် အစိုးရ ပိုင် ဆင်ဟွာ သတင်းမှာတော့ ပြည့်စုံကျယ်ပြန့်တဲ့ အရေးယူမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အပါအဝင် ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ မစ္စတာရှီက တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကင်ဂျုံအွန်းရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ အမေရိကန် အဆိုပြု ကင်ဂျုံအွန်းရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ အမေရိကန် အဆိုပြု Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.