ဝှေလေလန်၌ ပလပ်ခုံ ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား


ဝမ်ပုံ - စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန်ကျေးရွာ၊ မကာဟိုခမ်းရပ်၊ ရေဆိပ်သွားလမ်းနေ ဦးအိုက်ကျိ၏ နေအိမ်၌ စက်တင်ဘာ ၄ ရက်ည ၆ နာရီက နေအိမ်အပေါ်ထပ် ဘုရားစဉ်အောက် ပလပ်ခုံမှ ရှော့ဖြစ် မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်းကျွမ်းခဲ့သည်။

မီးလောင်ရာသို့ ရွာသူ ရွာသား ၁၀၀ ဦးခန့်တို့ဖြင့် မီးငြိမ်းသတ်နေစဉ် တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း ဦးစီးအဖွဲ့မှ မီးသတ် ယာဉ် သုံးစီး တို့ဖြင့် ရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီခွဲတွင် မီးညွန့်ကျိုးသွားပြီ ၇ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်သိပြည်သူများက မီးငြှိမ်းသတ်ရေး၊ လုံခြုံရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာပျဉ်ထောင်၊ နှစ်ထပ်နေအိမ် တစ်လုံး(ကျပ်သိန်း ၃၀ ခန့်)ဆုံးရှုံးခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ အိုက်ကျိ (၅၅ နှစ်)ဝှေလေလန်ကျေးရွာ၊ မကာဟိုခမ်းရပ်၊ ရေဆိပ်သွားလမ်းနေသူအား ဝမ်ပုံနယ်မြေရဲစခန်းက(ပ) ၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဝှေလေလန်၌ ပလပ်ခုံ ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား ဝှေလေလန်၌ ပလပ်ခုံ ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.