မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို ရုံးထုတ်

မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို စက်တင်ဘာလ ၆ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Hset Paing Toe/ RFA
မန္တလေးမြို့မှာ အစိုးရသစ်ဖြုတ်ချရေး သပိတ်မှောက်ခဲ့တဲ့ ဝရမ်းပြေး သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကို တစ်လကြာတဲ့အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိမှု မရှိသေးပေမယ့် အမှုကိုတော့ သူတို့တွေရဲ့ မျက်ကွယ်မှာ စတင်စစ်ဆေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီကနေ့အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မန္တလေးမြို့သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်မှောက်ခဲ့ကြတဲ့ သံဃာတော် ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦး ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)အရ တရားစွဲဆိုခဲ့တာပါ။ အဲဒီထဲက ဖမ်းဆီးရမိထားတဲ့ သံယာ ၆ ပါးနဲ့ ဦးကျော်မျိုးရွှေ ဆိုသူကို ဒီကနေ့ ရုံးထုတ် ခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူတွေကိုတော့ တရားခံပြေးမှု နဲ့ ဖမ်းဝရမ်းဆက်ထုတ်ထားမှာဖြစ်တယ်လို့  ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးကျော်စွာလင်း က ပြောပါတယ်။

တရားလိုဖြစ်တဲ့ မန္တလေးခရိုင်သာသနာရေးဦးစီးမှူး ဦးတင်မောင်အေး က အခင်းဖြစ်ပွားစဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို သက်သေခံအဖြစ် ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သံဃာ ၂ ပါးမှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နှင်းကျဲကျေးရွာ ဓမ္မသုခကျောင်းက သဃာတွေဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်ဦး၊ ဦးခင်မောင်ကြီး နဲ့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ချောစုဝင်း၊ ဦတင်ဇော်ကို တို့ဖြစ်ကြတယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်စခန်းဖွင့်ခဲ့ကြသူတွေဟာ အာဏာရှင် အစိုးရ နုတ်ထွက်ပေး၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့အစိုးရ ဖြုတ်ချရေး၊ တိုင်းပြည်အကျိုးစီးပွား ဖျက်ဆီးနေတဲ့ အစိုးရဖြုတ်ချရေး၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်မပေးတဲ့ အစိုးရဖြုတ်ချရေး စတာတွေကို တောင်းဆိုခဲ့ကြ တာဖြစ်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့မှာ စခဲ့တဲ့ အဲဒီသပိတ်ကို ၃ ရက်အကြာ သြဂုတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဖြိုခွင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကို စက်တင်ဘာလ ၂၀ ရက်နေ့ကိုပြန်လည်ချိန်းဆိုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို ရုံးထုတ် မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို ရုံးထုတ် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.