နေကြတ်ခြင်းမှ အာကာသဆိုင်ရာလေ့လာဖို့ NASA ပြင်ဆင်

နေကြတ်လမ်းကြောင်း (NASA )
ဒီကနေ့ သြဂုတ်လ (၂၁)ရက်နေ့ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း ရှားရှားပါးပါး လုံးဝနေကြတ်တာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ နေကြတ်တဲ့ ၃ မိနစ်နီးပါး အချိန်အတွင်း သက်ရှိဇီဝဖြစ်စဉ်အပြောင်းအလဲ၊ နေရဲ့အပေါ်ယံအလွှာမှာ လောင်နေတဲ့ ဓါတ်ငွေ့တွေတိုင်းတာဖို့စတဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာနိုင်ဖို့အတွက် NASA အကာသသိပ္ပံပညာရှင်တွေ ပြင်ဆင်နေကြပါတယ်။


အမေရိကန်အနောက်ခြမ်းကနေ အရှေ့ခြမ်းအထိ ပြည်နယ် ၁၄ ခုမှာ တွေ့မြင်နိုင်မယ့် နေကြပ်တဲ့ဖြစ်စဉ်ကို စောင့်ကြည့်ဖို့အတွက်လည်း မြန်မာနွယ်ဖွားတွေအပါအဝင် အမေရိကန်တွေ စိတ်အားထက်သန်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဒီကနေ့ တနင်္လာနေ့ကျရင် ကမ္ဘာကို လည်ပတ်နေတဲ့ လက နေနဲ့ ကမ္ဘာကြားရောက်ချိန်မှာ အမေရိကတိုက်က နေရှိတဲ့ဖက် အခြမ်းလှည့်နေမှာဖြစ်လို့ အမေရိကန်ပြည်ထောင်စုကနေ အပြည့်အဝနေကြပ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် လဟာ နေရောင်ကို ဖုံးကွယ်မယ့် နေကြတ်တဲ့ဖြစ်စဉ်ကို အနောက်ဘက် ပစိဖိတ် ကမ်းရိုးတန်းကနေ အရှေ့ဘက် အတ္တလန်တိတ် ကမ်းရိုးတန်းအထိ ပြည်နယ်အလိုက် နေရာပေါ်မူတည်ပြီး တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အ၀ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ရှားရှားပါးပါး အပြည့်အ၀နေကြတ်ချိန်မှာ အာကာသ သိပ္ပံပညာရှင်တွေ အဓိကထား လေ့လာမယ့် အချက်ပေါင်း ၁၁ ချက်ရှိပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက်တွေကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့က မြန်မာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က အခုလိုပြောပြပါတယ်။

“အရေးအကြီးဆုံးကတော့ ဘာလဲဆိုရင် နေကထွက်တဲ့ အနီအောက်ရောင်ခြည် ၊ နောက်မျက်စိနဲ့ မြင်ရတဲ့ လှိုင်းအလျားတွေကို ကရိယာတွေနဲ့ တိုင်းကြည့်မှာဖြစ်ပါတယ်။ နောက်တခုက ဘာလဲဆိုရင် လနဲ့ ကမ္ဘာရဲ့ ပတ်လမ်းကြောင်း ပြောင်းသွားတယ်၊ ပြောင်းသွားတာကို အတိအကျတိုင်းမယ်၊ နောက်တခုက ဘာလဲဆိုရင် ကမ္ဘာနဲ့ နေကြားမှာ လရောက်သွားတဲ့အခါကျတော့ ဒီအားသက်ရောက်မှု ကမ္ဘာ့ဆွဲအား၊ နေဆွဲအား၊ လဆွဲအား သက်ရောက်မှုက ဘယ်လောက်အထိပြောင်းသွားလဲဆိုတာ ဒီအချိန်မှာ အတိအကျတိုင်းလို့ရပါတယ်။ နောက်တခုက စိတ်ဝင်စားဖို့ကောင်းတာက လုံးဝမှောင်သွားတာပေါ့နော်။ မိုင်၂၀၀ ပတ်ဝန်းကျင် စက်ဝန်း လောက်မှာ လုံးဝမှောင်သွားတာ ၃ မိနစ်လောက်။ မှောင်သွားတဲ့အခါကျတော့ ဒီအကောင်ပလောင်လေးတွေ ဘယ်လိုဇီဝပြောင်းလဲမှု ဖြစ်သွားလဲ ဒီအချိန်လေးအတွင်းမှာဆိုတာကို သေသေချာချာလေ့လာမှာဖြစ်ပါတယ်။ နောက်တခုက နေကနေလာတဲ့ ရောင်ခြည်ကြောင့် ဒီအဖိုအမဓါတ်တွေကွဲသွားတဲ့အတွက် သူက Iron အလွှာဖြစ်သွားတာပေါ့နော် ။ ဒီ Ironအလွှာက အခုလို ကမ္ဘာနဲ့ နေကြားမှာ လက၀င်ပါလိုက်တဲ့အခါကျတော့ ဒီ Ironအလွှာမှာရှိတဲ့ အမှုန်လေးတွေရဲ့ ဓါတ်သဘာဝပြောင်းလဲမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုလည်း အခုအချိန်မှာ လေ့လာလို့ အကြောင်းဆုံးဖြစ်ပါတယ်။”

ဒါအပြင် နေကြတ်တဲ့အချိန်အတွင်း အာကာသထဲက မိုင်ပေါင်း ကုဋေ့ချီအဝေးမှာရှိတဲ့ ဂြိုလ်တွေကိုလည်း အာကာသသိပ္ပံပညာရှင်တွေလေ့လာဖို့ ရှိကြောင်း ဒေါက်တာပဒေသာတင်ကဆိုပါတယ်။

အခုလို အပြည့်အ၀နေကြတ်တဲ့ ဖြစ်စဉ်ကို အတိအကျတွေ့ရတဲ့ နေရာမှာ ပြန်ပြီး ဖြစ်ပေါ်ဖို့ဆိုရင် နောက်ထပ် နှစ်ပေါင်း ၃၆၀ ကြာစောင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေအတွက် ဒီကနေ့ နေကြတ်မယ့်အချိန်ဟာ အလွန်ကို ထူးခြားတဲ့ ဖြစ်စဉ်ကို လေ့လာခွင့်ရတာဖြစ်တယ်လို့လည်း ဒေါက်တာပဒေသာတင်က ပြောပါတယ်။

“နေနဲ့ကမ္ဘာနဲ့ တပြင်ထဲဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကနေပြီးတော့ နေကိုပတ်နေတဲ့အချိန်မှာ လက ကမ္ဘာကိုပတ်တဲ့ဟာက ရက်၃၀ မှာ တခါပတ်တဲ့ဟာက သူကစောင်းနေတယ် တပြင်ထဲမဟုတ်ဘူးနော်။ ဘယ်လောက်ပဲစောင်းသလဲဆိုတော့ အမှန်ဆို ၅ ဒီဂရီပဲစောင်းတယ်။ အဲဒီ ၅ ဒီဂရီလေးကြောင့်သာလျှင် ဒီလိုပတ်လမ်းကြောင်းက မထပ်နိုင်တဲ့ အချိန်ကရှိတယ်လေ။ အဲဒီတော့ အနှစ် ၃၆၀ မှာ တခါပဲ သူက အဲဒီနေရာကို ပြန်ရောက်တာကို ။ ဆိုတော့ အဲဒီလောက်ရတဲ့အခွင့်အရေးကြောင့် သုတေသန လုပ်တဲ့လူတွေအတွက်က အကောင်းဆုံးအခွင့်အရေးအနေနဲ့ သုတေသန လုပ်ကြတာပေါ့။”


နေကြတ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီ NASA ကလည်း Website သီးသန့်ဖန်တီးပြီး ပြည်သူအများလေ့လာနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ မြန်မာနွယ်ဘွားတွေအပါအဝင် အမေရိကန်ပြည်သူအများအပြားကလည်းနေကြပ်တဲ့ အတွေ့အကြုံကို စောင့်ကြည့်ဖို့ စိတ်အားသန်စွာပြင်ဆင်နေကြပါတယ်။ အဲဒီထဲက ဗာဂျီးနီးယားပြည်နယ်မှာနေထိုင်ပြီး နေကြတ်တဲ့ ဖြစ်စဉ်ကို အပြည့်အ၀ မြင်ရမယ့် မိုင်ပေါင်း ၅၀၀ ကျော်အကွာ တောင်ကိုရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့အထိသွားကြည့်တဲ့ ကိုဖိုးဥာဏ်က သူရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“တော်တော်ကို ပြင်ဆင်တယ်လို့ ပြောရမယ်နဲ့ တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အသိတွေရော ၊ သူငယ်ချင်းတွေရော၊ ရုံးကလူတွေရော ဒီအတွက်ကိုတော်တော်များများပြင်ဆင်နေကြတယ်။ ပြီးလို့ရှိရင် ဘာသိသာသလဲဆိုတော့ ဒီနေကြတ်တာကို ကြည့်တဲ့ အထူးမျက်မှန်ဝယ်တယ်ပေါ့နော် အဲဒါကို အမျိုးအစားပေါင်း ၂၀ -၃၀ လောက်ကို Online ကရော၊ အပြင်ကရော ၀ယ်ဖို့ကြိုးစားတဲ့အခါမှာ ရှိသမျှဟာတွေက ကုန်နေပြီ။ ကျနော်က လွန်ခဲ့တဲ့ တပတ်လောက်က ကြိုဝယ်ထားတယ်။ နောက်တခုကျတော့ ကျနော်လမ်း ၁ ရက်ကြိုပြီးတော့ ထွက်လာတယ်ပေါ့နော်၊ ကြည့်မယ့်နေရာကို မိုင်ပေါင်း ၅၀၀ ကျော်လောက်ရှိတယ်။ ၇ နာရီလောက်မောင်းရမယ့်နေရာကို ကျနော်တို့လာတယ်၊ လမ်းမှာဆိုရင်လည်း လူတွေက ပြည့်ကျပ်နေတယ်၊ သတင်းစာတွေ ရေဒီယိုတွေကလည်းပြောတယ်။ ၁ ၇က်လောက်ကြိုပြီးတော့ သွားကြပါ။ ဟိုတယ်တွေဆိုရင်လည်း ဌားလို့မရတော့ဘူး ဈေးအရမ်းတက်သွားတယ်ပေါ့နော်။”

နေကြတ်တာကို မြင်ရနိုင်မယ့် အမေရိကန်ပြည်နယ် ၁၄ ပြည်နယ်ကတော့ ၀ါရှင်တန်၊ Idaho၊ Montana၊ Wyoming ၊ Nebraska ၊ Kansas၊ Missouri ၊ Illinois ၊ Kentucky ၊ Tennessee ၊ Georgia ၊ မြောက်ကိုရိုလိုင်းနားနဲ့ တောင်ကိုရိုလိုင်းနားပြည်နယ်တွေဖြစ်ကြပါတယ်။ အထူးပြုလုပ်ထားတဲ့ မျက်မှန်မပါဘဲကြည့်မိရင် မျက်စိကို ထိခိုက်နိုင်တဲ့အတွက် နေကြပ်တာကို ဘေးအန္တရာယ်ကင်းစွာကြည့်နိုင်ဖို့အတွက် NASA က အကြံပြုချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နေကြတ်ခြင်းမှ အာကာသဆိုင်ရာလေ့လာဖို့ NASA ပြင်ဆင်  နေကြတ်ခြင်းမှ အာကာသဆိုင်ရာလေ့လာဖို့ NASA ပြင်ဆင် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.