အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ


နိရဉ္စရာ၊ သြဂုတ် ၂၉

ကိုးတန်ကောက်ရခိုင်ကျေးရွာမှ ချိန်ခလိန်ဘင်္ဂါလီ ရွာကိုဖြတ်၍ ရသေ့တောင်ဘက်သို့ လာသော လမ်းဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ထမ်း ၄ ဦးကို ချိန်ခါလိန် ဘင်္ဂါလီ ဒုက္ခသည်စခန်းအရောက်တွင် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူနှစ်ဦးမှာ ဦးမောင်သိန်းအောင် (၄၄)နှစ်နှင့် ဦးဇော်ဇော်သူ (၃၇) နှစ်တို့ဖြစ်ကြသည်။

သူတို့သည် ကိုးတန်ကောက်လမ်းကို ပြင်နေသည့် လမ်းဦးစီးဌာနမှ SE ဦးဖြိုးမင်းသန်း ဦးဆောင်သည့်အဖွဲ့တွင် အလုပ်လုပ်နေသည့် ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲတွေဖြစ်တော့ သူတို့ ကိုးတန်ကောက်မှာ ပိတ်မိနေခဲ့ကြပါတယ်။ ချိန်ခလိန်မှာ တပ်မတော်က ရှင်းလင်းရေး လုပ်ပြီးပြီဆိုတော့ လုံခြုံတယ်ထင်ပြီး ရသေ့တောင်ဘက်ကို သွားဖို့ ဆိုင်ကယ် ၂ စီး၊ လူ ၄ ယောက်နဲ့ လာကြတာပါ။ ဦးဖြိုးမင်းသန်းတို့ အစီးက ရှေ့က၊ အပစ်ခံရတဲ့ ဦးမောင်သိန်းအောင်နဲ့ ဇော်ဇော်သူတို့အစီးက နောက်ကပါ။ ချိန်ခါလိန် ဘင်္ဂါလီ ဒုက္ခသည်စခန်းအရောက်မှာတော့ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အခုလို ဒဏ်ရာရရှိ ခဲ့ကြတာပါ”ဟု ဒဏ်ရာရသူ နှစ်ဦးကို စစ်တွေဆေးရုံတွင် ကုသရန် ယူဆောင်လာသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


ဦးမောင်သိန်းအောင်တွင် ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ဦးဇော်ဇော်သူတွင် ခြေထောက်တွင် ဒဏ်ရရှိကြောင်း၊ ဒဏ်ရာမပြင်းထန်ကြောင်း၊ စရစ်ကျည်ဒဏ်ရာဖြစ်ပြီး လုပ်သေနတ်ဖြင့် ပစ်ခတ်သည်ဟု ယူဆရကြောင်း ဦးသန်းနိုင်ကပြောသည်။

ယင်းသို့ ဒဏ်ရာရရှိထားသော်လည်း ဆိုင်ကယ်မောင်းပြီး ထွက်ပြေးလာရာ ချိန်ခါလီ ရခိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အဖြစ်အပျက်ကို လုံခြုံရေးတပ်ဖွဲ့သို့ သတင်းပို့ထားပြီး တပ်မတော်စစ်ကြောင်းက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်လျက်ရှိသည်ဟု ဆိုသည်။

အဆိုပါ ဒဏ်ရာရရှိသူနှစ်ဦးကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ချိန်ခလိန်မှ အငူမော်၊ ထိုမှတစ်ဆင့် သူ၏ စပီးဘုတ်ဖြင့် စစ်တွေသို့ သယ်ယူလာခြင်း ဖြစ်သည်ဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara

အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.