သပိတ်စခန်းတွင် ပါဝင်သည့် သံဃာ၆ ပါးကို လူဝတ်လဲ အမှုဖွင့်ထား


မန္တလေးမြို့၊ သာသနာ ၂၅၀၀ တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းရှိ သံဃာ ခြောက်ပါးကို လူဝတ်လဲကာ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ဦးအောင်စိုးဝင်း က ပြောသည်။

ယနေ့ နံနက် ၂ နာရီ ၁၅ မိနစ်တွင် တိုင်းရဲတပ်ဖွဲ့မှူး ဦးဆောင်၍ သက်ဆိုင်ဌာန များ ပူးပေါင်းကာ သပိတ်စခန်းကို ဖယ်ရှားရှင်းလင်းခဲ့သည်။ နေ့လည် ၁နာရီတွင် အစိုးရအဖွဲ့ရုံး သုံးထပ်ဆောင်ပေါ်ထပ်တွင် ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်းအား ဖယ်ရှားရှင်းလင်းရာတွင် သံဃာ ၁၁ ပါးနှင့် အမျိုးသမီး ၂ ကို မန္တလေးကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့သည် ဟု သိရသည်။

တရားရုံးက ဖမ်းဝရမ်းထုတ်ရာတွင် မပါရှိသော သံဃာ ၅ ပါး နှင့် အမျိုးသမီး ၂ ဦးကို ၄င်းတို့ နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်းပေးခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

လက်ရှိ ဝရမ်းထုတ်ဖမ်းဆီး ထားသော ဦးအဂ္ဂဓဇ(၃၅)၊ ဦးဝိကောနန္ဒ(၂၉) နှစ်၊ ဦးဣန္ဒက(၂၆) နှစ်၊ ဦးပဏ္ဍိတ (၄၈) နှစ်၊ ဦးအာစာရ (၂၂) နှစ်၊ ဦးအရိယဝံ့သ (၃၀) နှစ် တို့ အား အရေးယူထားခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခြင်း မရှိသေးသည့် သံဃာ ၂ ပါး နှင့် လူပုဂ္ဂိုလ် ၅ ဦး ကိုလည်း ရှာဖွေ ဖမ်းဆီးအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိသည် တိုင်းရဲတပ်ဖွဲ့မှုး ရဲမှုးကြီး က ပြောသည်။

နိုင်ငံတော် အစိုးရ နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေနိုင်သော ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျုးလွန်လာချင်အောင် အများပြည်သူကို လည်းကောင်း၊ အများပြည်သူ ထိတ်လန့်မှု ဖြစ်စေရန် လှုံ့ဆော်ခြင်း ဖြစ်စေသော အကြောင်းရှိလျင် ပုဒ်မ ၅၀၅ (ခ) အရ အရေးယူနိုင်ပြီး ထောင် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည် ဟု ဥပဒေ တွင် ဖေါ်ပြထားသည်။

ဘုန်းနေ
Mandalay Age - မန္တလေးခေတ်
https://www.facebook.com/MandalayAge
သပိတ်စခန်းတွင် ပါဝင်သည့် သံဃာ၆ ပါးကို လူဝတ်လဲ အမှုဖွင့်ထား သပိတ်စခန်းတွင် ပါဝင်သည့် သံဃာ၆ ပါးကို လူဝတ်လဲ အမှုဖွင့်ထား Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.