မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်တံတားအနီး ချောင်းထဲမှ လူသေ အလောင်း သုံးလောင်းတွေ့ရှိ


နိရဉ္စရာ၊ ဇူလိုင် ၃၁

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်ရွာ တံတားအနီး ချောင်းထဲမှ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသူ အလောင်း သုံးလောင်းကို တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းအလောင်းများမှာ ဘေးလာမိ ဘင်္ဂလီကျေးရွာအနီးရှိ နီလာပေါ် မူဆလင် ကျေးရွာသားများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စေတီပြင်ကျေးရွာမှ ယခင် ကျေးရွာ ကောင်စီ ဥက္ကဋ္ဌဟောင်း ဦးမောင်အေးညွှန့်အား ဆက်သွယ် မေးမြန်းရာ “ အလောင်းတွေ့တာတော့ မှန်ပါတယ်။ ဘေလာမိကျေးရွာ အနီး နီလာပေါ်ရွာက ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့် အသတ် ခံရတယ်ဆိုတာ မပြောနိုင်ပါဘူး။ စုံစမ်းစစ်ဆေးနေတုန်းဘဲ ရှိပါသေးတယ်” ဟု ပြောဆိုသည်။

ယခု အသတ်ခံရသော နေရာသည် စေတီပြင်ကျေးရွာမှ ၂ မိုင်အကွာ၊ ချွတ်ပြင် ကျေးရွာမှလည်း တစ်မိုင်ခန့် အကွာ ရွာများနှင့် အတော်ဝေးသော ချွတ်ပြင် တံတားအနီးတွင် ဖြစ်ကြောင်း သိရသည်။

ချွတ်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမျှအား ဆက်သွယ်မေးမြန်းရာ ချွတ်ပြင်အုပ်စု ချင်းရွာ (မူဆလင်ရွာသားများ) မဟုတ်ကြောင်း၊ သူ့အုပ်စုမှ လူများ မဟုတ်သဖြင့် သူ့အနေဖြင့် အသေးစိတ် မသိရှိကြောင်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နာမည်၊ အသတ်ခံရသည့် အကြောင်းအရင်းတို့ကို အသေးစိတ် သိရှိနိုင်အောင် စေတီပြင် နယ်ခြားစောင့် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သူတို့အနေဖြင့် ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြောဆိုသည်။

အလောင်းများကို စစ်ဆေးရန် ယနေ့ ည ၉ နာရီခန့်က ရသေ့တောင်သို့ ယူဆောင်သွားသည်ဟု စေတီပြင်ရွာသား တစ်ဦးက ပြောဆိုသည်။

ယခုလ ၂၇ ရက်နေ့ကလည်း ချွတ်ပြင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား ရွာသား တစ်ဦးသည် မေယူတောင်သို့ ခရုရှာသွားရာမှ ပျောက်ဆုံးနေပြီး ယနေ့အချိန်ထိ ရှာဖွေ မတွေ့သေးဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်တံတားအနီး ချောင်းထဲမှ လူသေ အလောင်း သုံးလောင်းတွေ့ရှိ မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်တံတားအနီး ချောင်းထဲမှ လူသေ အလောင်း သုံးလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.