SME လုပ်ငန်းရှင်တွေကို ငွေကျပ် သိန်းတစ်ထောင်အထိ ထုတ်ချေး မည်

ရန်ကုန်မြို့က အသေးစားအိတ်ချုပ် လုပ်ငန်းတစ်ခုကို တွေ့ရစဉ်။ Photo: RFA
အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကို လာမယ့် သြဂုတ်လကစပြီး အများဆုံး ငွေကျပ်သိန်း တစ်ထောင်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ အုန်းသီးကိုအခြေပြုပြီး စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်နေတဲ့ လုပ်ငန်းငယ်တွေကို စုစည်းပြီး ပိုမိုကျယ်ပြန့်တဲ့ နည်းပညာနဲ့ ငွေကြေးပံ့ပိုးပေးနိုင်ဖို့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ဒေါ်ခင်ညိုက မေးခွန်း မေးမြန်းရာ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချိုက ဂျာမဏီနိုင်ငံအခြေ စိုက် KFW ဖွံ့ဖြိုးရေးဘဏ်နဲ့ CB ဘဏ်တို့ ပူးပေါင်းပြီး ချေးငွေ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

ချေးငွေသက်တမ်းဟာ တစ်နှစ်ကနေ ၅နှစ်အထိဖြစ်ပြီး ကာလလတ် နဲ့ ကာလရှည်ချေးငွေဆိုပြီး ၂မျိုးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဂျာမဏီအစိုးရကနေ ယူရိုငွေ ၄ ဒသမ ၄၅ သန်း ရရှိထားတာဖြစ်တယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အရင်က လုပ်ငန်းရှင်တွေအနေ နဲ့ ငွေချေးမယ်ဆိုရင် အပေါင်ပစ္စည်းပေးပြီး ချေးယူရတာဖြစ်ပေမယ့် အခုကတော့ အပေါင်ပစ္စည်း မပေးလည်း ချေးယူလို့ ရတယ်လို့ သိရပါတယ်။ အတိုးနှုန်းတွေကတော့ အပေါင်ပစ္စည်းပေးပြီးချေးယူရင် ၈ ဒသမ ၅ရာခိုင်နှုန်း နဲ့ အပေါင်ပစ္စည်းမပေးဘဲ ချေးယူမယ်ဆိုရင် ၁၃ ရာခိုင်နှုန်း ပေးရမယ်လို့လည်း သိရပါတယ်။

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း SME တွေကို ထောက်ပံ့ဖို့ နိုင်ငံတကာချေးငွေ အနေနဲ့ ဂျပန်နိုင်ငံ JICA ကနေ ချေးငွေ ဂျပန်ယန်း ၅ ဘီလီယံ ရရှိထားပြီး အဲဒီထဲကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက လုပ်ငန်းရှင် ၁၈၀ကျော်ကို ပြီးခဲ့တဲ့နှစ်ကစပြီး ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် ၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် စတဲ့ ဘဏ်တွေကနေတဆင့် ထုတ်ချေးပေးနေ ကြောင်းလည်း ဦးခင်မောင်ချိုက ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
SME လုပ်ငန်းရှင်တွေကို ငွေကျပ် သိန်းတစ်ထောင်အထိ ထုတ်ချေး မည် SME လုပ်ငန်းရှင်တွေကို ငွေကျပ် သိန်းတစ်ထောင်အထိ ထုတ်ချေး မည် Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.