ထိုင်းက တရားမဝင် အလုပ် သမားတွေ ကိစ္စ ညှိနှိုင်းပေးဖို့ အစိုးရကို တောင်းဆို


ထိုင်းနိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းနေတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရကို ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနေတဲ့အတွက် မြန်မာအလုပ်သမားအချို့ဟာ တောတောင်တွေ ထဲ ပုန်းအောင်းနေကြရပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာအောင် မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနိုင်းသင့်တယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

"သူတို့နယ်စပ်ကို ရောက်လို့ရှိရင်လည်း မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ပြန်လုပ်မယ့် အလုပ်သမားတွေကို အမြန်ဆုံးလက်မှတ်တွေရအောင် လုပ်ပေးသင့်တယ်ဆိုတဲ့ အကြောင်းတွေ၊ အဲဒါတွေတော့ အဓိကပါမှာပါ။ လက်ရှိလိုမျိုးအချိန် ကျနော်တို့ စိုးရိမ်တာက အခုဆိုရင် တချို့အလုပ် သမားတွေက တောထဲတောင်ထဲမှာ ပုန်းအောင်းနေရတာတွေရှိတယ်။ ကျနော်တို့ အတွေ့အကြုံအရ အဲလိုမျိုး ပုန်းအောင်းနေရပြီဆိုရင် နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေက ဆက်တိုက်ဖြစ်လာမှာ ကျနော်တို့က စိုးရိမ်တယ်။ ဆိုတော့ ပြန်မယ်ဆိုလည်း တရားဝင်ပြန်လို့ရအောင် အစိုးရအနေနဲ့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ညှိပြီးတော့ကို ပြန်ပို့သင့်တယ်လို့ ကျနော်က ထင်တယ်"

တောထဲမှာ ပုန်းအောင်းနေရတဲ့ မြန်မာအလုပ်သမားတွေဟာ ပစ္စည်း အလုခံရတာ၊ အမျိုးသမီးငယ်တွေ မတရားကျင့်ခံရတာတွေ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

အဲဒီအကြံပြုစာကို မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့  ကာကွယ်ရေး ဝန်ကြီးဌာနတွေကိုပါ ပေးပို့ သွားမယ်လို့ သိရပါတယ်။

ထိုင်းသတင်းစာတွေရဲ့ ရေးသားချက်အရ လက်ရှိအချိန်မှာ တရားမဝင် မြန်မာအလုပ်သမား ၅ ထောင်လောက် အဖမ်းခံထားရတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံက ဇွန်လ ၂ဝ ရက်နေ့မှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်နေ တဲ့ နိုင်ငံခြားသားအလုပ်သမား တစ်ယောက်ကို ထိုင်းဘတ်ငွေ ၂ ထောင်ကနေ ၄ သိန်းအထိ ဒဏ်ရိုက်နိုင် ပြီး ထောင်ဒဏ်ကိုလည်း ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထိုင်းက တရားမဝင် အလုပ် သမားတွေ ကိစ္စ ညှိနှိုင်းပေးဖို့ အစိုးရကို တောင်းဆို ထိုင်းက တရားမဝင် အလုပ် သမားတွေ ကိစ္စ ညှိနှိုင်းပေးဖို့ အစိုးရကို တောင်းဆို Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.