နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဆွီဒင်နိုင်ငံခရီးစဉ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆွီဒင်နိုင်ငံ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံ

(၁၂-၆-၂၀၁၇ ရက်နေ့၊ စတော့ခ်ဟုမ်းမြို့)

ဆွီဒင်နိုင်ငံတွင် တရားဝင်ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ၁၂-၆-၂၀၁၇ ရက်နေ့ ၊ ဒေသစံတော်ချိန် ၁၁း၀၀ နာရီတွင် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး H.E. Mrs.Margot Wallström နှင့်တွေ့ဆုံခဲ့ပါသည်၊

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍတိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် လူမှုရေးဆိုင်ရာ တာဝန်ယူမှု မြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် H.E. Mrs.Margot Wallström မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘော နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံပါသည်။ နေ့လယ်စာစားသုံးစဉ်အတွင်း ငြိမ်းချမ်းရေးအား အဓွန့်ရှည်အောင် ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီးနှစ်ဖက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံး ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စွာမင်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။


ထို့နောက် ဒေသစံတော်ချိန် ၁၃း၁၀နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင် နိုင်ငံ ၀န်ကြီးချုပ် H.E.Mr. Stefan Löfven နှင့် ၀န်ကြီးချုပ်ရုံး၊ Chamomile Salon တွင် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ အသွင်ကူးပြောင်းဆဲကာလတွင် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဆွီဒင်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးပေးရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဆွီဒင်နိုင်ငံမှ ချမှတ်အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ မူဘောင်သစ် အောက်မှ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာများ ဖလှယ်ရေးနှင့် ဈေးကွက် ဖန်တီးပေးရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အလေးပေးဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အား http://www.government.se/…/prime-minister-to-welcome-aung-…/ တွင် ကြည့်ရှုနိုင်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၆း၄၅ နာရီတွင် ဆွီဒင်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် International Development Cooperation and Climate ၀န်ကြီးဖြစ်သူ H.E. Mrs. Isabella Lövin နှင့်လည်းကောင်း၊ ၁၈း၀၀ နာရီတွင် EU Affairs and Trade ၀န်ကြီးဖြစ်သူ H.E.Ms. Ann Linde နှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

သတင်း- မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ- သတင်းစဉ်
Ministry of Foreign Affairs Myanmar
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဆွီဒင်နိုင်ငံခရီးစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဆွီဒင်နိုင်ငံခရီးစဉ် Reviewed by THITHTOOLWIN on 05:25 Rating: 5
Powered by Blogger.