မန္တလေးတွင် သိန်း ၆၅၀ ကျော် ဖောက်ထွင်းခိုးယူသွားသူများအား ဖမ်းဆီးရမိ


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျပ်သိန်း ၆၅၀ကျော် ဖောက်ထွင်းခိုးယူခဲ့သူတွေကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ ချိတ်ဆက်ပြီး ဇွန်လ ၁၆ ရက်နေ့ က တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ မနက်၇နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၂ လမ်း၊ ခိုင်ရွှေဝါ လမ်းနှင့် ဂေါ်သဇင်လမ်းကြား၊ ဆ-၁၀/၆၀ နေ ကိုသူရဇော် ၄၁ နှစ်၊ အမှုဆောင်ဒါရိုက်တာ(အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီ)ရဲ့ နေအိမ်တံခါးတွေ ပွင့်နေပြီး ဧည့်ခန်းအတွင်း ရပ်ထားတဲ့ကားမတွေ့ရှိကြောင်း၊ ကိုသူရဇော် နေအိမ်၏ မြောက်ဘက်ကပ်လျက်နေ ဒေါ်ဝင်းဝင်းမော်တို့မှ မြို့သစ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားခဲ့ရာ မနက်၈ နာရီအချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အမှတ်(၁၁)နယ်မြေရဲစခန်းကို ဆက်သွယ်အကြောင်းကြားတာကြောင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်နှင့်အဖွဲ့၊ အမှတ်(၃)မှုခင်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စိုးနိုင်နှင့်အဖွဲ့၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သက်သေများနှင့် အတူ အခင်းဖြစ်အိမ်အား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ခြံဝင်းသံပန်းတံခါးသော့နဲ့ အိမ်ဝင်ပေါက် တံခါးသော့တွေကို Cutter နဲ့ဖြတ်တောက်ပြီး နေအိမ်ဧည့်ခန်းအတွင်းရပ်ထားတဲ့ MDY 4N-xxxxx Van Guard အဖြူရောင် ယာဉ်နဲ့ နေအိမ်ဒုတိယထပ်အိပ်ခန်းအတွင်းက ရွှေထည်ပစ္စည်း ၁၇ မျိုး(တန်ဖိုး ၉၈ သိန်းကျပ်ခန့်ပါ)၊ ဇီးကော့ အမျိုးအစား မီးခံသေတ္တာ(၁)လုံး(၂ ပေပတ်လည် အမြင့် ၂ ပေခွဲခန့်ရှိ) အသုံးအဆောင်ပစ္စည်း ၇ မျိုး(တန်ဖိုး ၁၀၀၄၅၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုး ၆၅၈၀၄၅၀၀ ကျပ်တို့ ပျောက်ဆုံး နေကြောင်းတွေ့ရှိခဲ့ပါတယ်။ နေအိမ်အတွင်း တပ်ဆင် ထားတဲ့ CCTV မှတ်တမ်းတွေကို format ချဖျက်ထားကိုလည်းရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။

အခင်းဖြစ်နေအိမ်မှာ ကိုသူရဇော်နှင့် ဇနီး ဒေါ်မြမဉ္ဇူ ၃၆ နှစ်တို့ ၂ ဦးနေထိုင်ကြပြီး လွန်ခဲ့သော (၁)ပတ်ခန့်က ဒေါ်မြမဉ္ဇူက ၎င်းတို့၏ အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော် ကုမ္ပဏီဖွင့်လှစ်လုပ်ကိုင်တဲ့ ရမည်းသင်းမြို့နယ်၊ လက်ဆည်ကန်ရပ်ကွက်၊ ရွာတန်းလမ်းတွင် သွားရောက်နေထိုင်လျက်ရှိပြီး ၆-၆-၂၀၁၇ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ကိုသူရဇော်မှာ ကုမ္ပဏီအလုပ်ကိစ္စဖြင့် ရန်ကုန်ကို ထွက်ခွာသွားရာ နေအိမ်ခြံ တံခါးနှင့်အိမ်တံခါးတို့အား သော့ခတ်ပိတ်၍ ဧည့်ခန်းအတွင်း MDY 4N-xxxxx Van Guard အဖြူရောင် ယာဉ်အား ထားရှိ၍ ကားသော့အားဧည့်ခန်းစားပွဲပေါ်တွင်တင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ကသိရှိခဲ့ရပါတယ်။

အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၃၀၂/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့်ပြီး တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး မန္တလေး တိုင်းဒေသကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏
အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့ အမှုစုံစမ်း စစ်ဆေးရေး အထူးအဖွဲ့ငယ်များခွဲ၍ အမြန်လမ်းတိုးဂိတ်၊ ပုသိမ်ကြီးမြို့နယ်(၁၆)မိုင်စစ်ဆေးရေးဂိတ်၊ ရွှေကျင်/မြစ်ငယ်နှင့် ရတနာပုံတံတား စစ်ဆေးရေး ဂိတ်များကို ပိတ်ဆို့ရှာဖွေခြင်းများနဲ့ ဆက်စပ်တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များကို ကူညီစုံစမ်းပေးရန်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။

ထိုသို့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ အမှုမှ ပါဆုံးသွားတဲ့ သက်သေခံကား MDY-4N/ xxxxx VAN GUARD ACA38 အဖြူရောင်ယာဉ်မှာ ဗန်းမော်မြို့သို့ရောက်ရှိနေကြောင်း အမာခံသတင်း ပေးများမှတဆင့် သတင်းရရှိ၍ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် ဗန်းမော် ခရိုင်နှိမ်နင်းရေးဌာနစိတ်သို့ ဆက်သွယ်၍ သက်သေခံမော်တော်ယာဉ်နှင့် လက်ဝယ်တွေ့ရှိသူ ဖိုးအောင်(ခ)ကိုကိုအောင်အား ဗန်းမော်မြို့နယ်၊ မင်းကျောင်းကုန်းရပ်ကွက်၊ သစ်တောဝန်းအတွင်းမှ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖိုးအောင်(ခ)ကိုကိုအောင်အား စစ်ဆေးခဲ့ရာ ပါဆုံးမော်တော်ယာဉ် MDY-4N/ xxxxx VAN GUARD ACA38 အဖြူရောင်ယာဉ်ကို မင်းသုခ ဆိုသူက မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ယူဆောင်လာပြီး ဖိုးအောင်(ခ) ကိုကိုအောင် ပိုင်ဆိုင်တဲ့ YGN-2I/xxxxx SURF(96 Model) အပြာရောင်ယာဉ်နဲ့ အလဲအထပ်ရောင်း ၀ယ်ပြုလုပ်သွားကြောင်း မင်းသုခမှာ ကျောက်ပန်းတောင်းမြို့တွင် ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ကသတင်းရရှိသဖြင့် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးထံသို့ မင်းသုခကို ဖမ်းဆီးရမိရေးဖုန်းဖြင့်ဆက်သွယ်ခဲ့ပါတယ်။

၁၆.၆.၂၀၁၇ ရက်နေ့ မနက် ၈း၃၀အချိန်မှာ ကျောက်ပန်းတောင်းမြို့ရှိ Grand 2 Hotel အခန်းအမှတ်၊ (၂၀၁)တွင် မင်းသုခ(၁၈)နှစ်၊ ရှေးဟောင်းသုတေသန၀န်ထမ်းအိမ်ယာ၊ မန္တလေးအဆောင်၊ အခန်းအမှတ်(၁၀)၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနဲ့အတူ
တိုးဝေအောင်(၁၇)နှစ်၊ ထိပ်တန်းဘော်ဒါ၊ လက်ကောင်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူတို့ကို YGN-2I/xxxxx SURF(96 Model) အပြာရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံ မင်းသုခနှင့် တိုးဝေအောင် တို့(၂)ဦးကို စစ်မေးရာ ၎င်းတို့နှင့်အတူ ဟိန်းမင်းအောင်၊မဲလုံး (ခ)ဆန်းထွန်းနိုင်၊ သီဟနိုင်(ခ)နီဂရိုး၊ ရန်ကင်း(ခ)နေထက်အောင် နဲ့ ရန်နောင်မိုး (ခ) ရန်ရန်တို့ ပူးပေါင်းကာ ဖောက်ထွင်းမှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ တရားခံအသီးသီးကို မန္တလေးတိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် ထပ်မံစစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထူးလွင်
မန္တလေးတွင် သိန်း ၆၅၀ ကျော် ဖောက်ထွင်းခိုးယူသွားသူများအား ဖမ်းဆီးရမိ မန္တလေးတွင် သိန်း ၆၅၀ ကျော် ဖောက်ထွင်းခိုးယူသွားသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:30 Rating: 5
Powered by Blogger.