သတင်းထောက် ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်

ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ ဦးကို တွေ့ရစဉ်။ Photo: Protection For Journalists Committee Myanmar/ Facebook
တအာင်းလွတ်မြောက်ရေးတပ်မတော်က ဦ်းဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးရေး အခမ်းအနားကို သတင်းသွားရောက်ယူခဲ့တဲ့ သတင်းသမား ၃ ဦးနဲ့အတူ ယာဉ်မောင်း ၃ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်က အမှုဖွင့်ပြီး ဒီနေ့ သီပေါအကျဉ်းထောင်ကို ပို့ဆောင် လိုက်ပါတယ်။

သီပေါမြို့မရဲစခန်းကို ဒီနေ့နေ့လည်မှာ တပ်မတော်ဘက်က လာရောက်အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သီပေါမြို့ မရဲစခန်းက ဒုမြို့နယ်မှူး၊ ဒုရဲမှူးမြင့်ကျော် ကပြောပါတယ်။

" ခမရ ၅၀၃ က ဗိုလ်ကြီးသက်နိုင်ဦးပါဗျ။ သူကနေ တရားလိုလုပ်ပါတယ်ခင်ဗျ။ မတရားအသင်း ၁၇ (၁) နဲ့ အရေးယူထားပါတယ်ဗျ။ အားလုံး ၆ ယောက်လုံးပါဗျ။ ကျနော်တို့ဆီ ၁၂ ခွဲမှာ ရောက်ပါတယ်ခင်ဗျ။ ရောက်ပြီး တော့ရောက်ရောက်ခြင်းပဲ ကျနော်တို့ အမှုဖွင့်ပါတယ်။ ရမန်ယူပါတယ်ခင်ဗျ"

ဒီမိုကရက်တစ်မြန်မာ့အသံ DVB က သတင်းထောက် ၂ဦးနဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် ၁ဦး အပါအဝင် ၇ဦးကို ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်-သီပေါကားလမ်းမှာ လိုင်စင်မဲ့ကားနှစ်စီးနဲ့အတူ အခုလ ၂၆ ရက်နေ့က ဖမ်းဆီးထား တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီး လက်ရှိသီပေါ အကျဉ်းထောင်ကို ပို့ဆောင်ရာမှာ ၆ ဦးသာပါဝင်တယ်လို့ သီပေါမြို့မရဲစခန်းက အတည်ပြုပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို မိသားစုဝင်တွေအနေနဲ့ အကျဉ်းဦးစီးဌာနစည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လာရောက်တွေ့ဆုံနိုင်တယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးသွားခဲ့တဲ့ ၂၆ ရက်နေ့ကနေ ဒီနေ့ နေ့လည် ၁၂ နာရီမတိုင်ခင်ကာလအထိ တပ်မတော်က စစ်ဆေးခဲ့ တာဖြစ်တဲ့အတွက် အဲဒီကြားကာလ ထိန်းသိမ်းထား တဲ့ အနေအထားတွေကို မသိရှိရဘူးလို့ လည်း ဒုရဲမှူးမြင့်ကျော် ကပြောပါတယ်။

သတင်းသမားတွေဟာ အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားမှုမရှိဘဲ တအာင်းလွတ်မြောက်ရေး တပ်မတော်က ကျင်းပတဲ့ ပွဲကို သွားရောက်သတင်းရယူခဲ့တဲ့ အတွက် မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ အမှုဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၆ ဦးကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ သီပေါမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သတင်းထောက် ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် သတင်းထောက် ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.