သထုံတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဘားအံ-သထုံကားလမ်းပေါ်တွင် မေ ၂၂ ရက်၊ ညနေ ပိုင်းက တစ်ဦးမောင်းနှင်ကာ နှစ်ဦးစီနင်းလာသော ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်မှုကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သုဓမ္မဝတီနယ်မြေရဲစခန်းမှ သိရှိရသည်။
“ဖအေဖြစ်သူက မောင်းလာတာ အလယ်မှာ သူ့သားဖြစ်သူနဲ့ နောက်ကောင်လေးတစ်ယောက် စုစုပေါင်း(၃) ယောက်စီးလာတာ။ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျမှောက်သွားတာ။ ဖအေဖြစ်သူကတော့ ဆေးရုံပို့ပြီး မကြာဘူး၊ ဆုံးသွားတယ်။ သူ့သားကတော့ ဒဏ်ရာပြင်းလို့ ရန်ကုန်ဆေးရုံပို့တာ ထပ်ဆုံးသွားတယ်။”ဟု သုဓမ္မဝတီနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဒူးရင်းဆိပ်ကျေးရွာနေ ဆိုင်ကယ်မောင်းနှင်သူ အောင်ထိုက်(၃၅)နှစ်မောင်းနှင်ပြီး အလယ်မှသားဖြစ်သူ ကောင်းကင်ထက် (၁၄)နှစ်နှင့် အနောက်မှ ခန့်လင်း(၁၇)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်သည် ဒူးရင်းဆိပ် ကျေးရွာ ဒုံသမိ တံတားအနီး သထုံ-ဘားအံကားလမ်း မိုင်တိုင်အမှတ်(၈/၃)နှင့် (၈/၄)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အောင်ထိုက်တွင် ယာဘက်နားသွေးထွက်၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ကောင်းကင် ထက်တွင် ယာနားထင်ပွန်းပဲ့ဒဏ်ရာ၊ ခန့်လင်းတွင် ယာဘက်ရင်အုံနာကျင်၊ ယာပခုံးဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရာ ဆေးရုံအရောက်တွင် အောင်ထိုက်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားပြီး သားဖြစ်သူ ကောင်းကင်ထက်မှာ အခြေအနေစိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဦးသေဆုံးပြီး တစ်ဦးကို ဒဏ်ရာရရှိစေခဲ့သူ အောင်ထိုက်အား သုဓမ္မဝတီနယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သထုံတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ သထုံတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.