ပြည်နယ်တိုင်း အစိုးရ လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့လိုဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

ပြည်နယ်တိုင်း အစိုးရ လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့လိုဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
ကိုယ်စားလှယ်များ အနေဖြင့် ပြည်နယ်တိုင်းအစိုးရ လုပ်ပိုင်ခွင့်နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့ လိုသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၂၉ ရက် အစည်းအဝေးတွင် ကိုယ်စားလှယ် များအား ပြောကြားလိုက်သည်။

“ပြည်နယ်တိုင်းတွေမှာ ဖြစ်တဲ့ မေးခွန်းမျိုးတွေသည် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့လွှတ်တော် မှာ မေးခွင့်ရှိပါတယ်၊ မေးတယ်၊ မေးရင် ပြည်ထောင်စုအစိုးရသည် ဒီမေးခွန်းကို ဖြေ ဖို့ဆိုရင် ပြည်နယ်တိုင်း အစိုးရ သဘောထားပဲ တောင်းလိုက်မယ်။ ဒါသူ့ လုပ်ပိုင်ခွင့်နဲ့ သူ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရနဲ့ ခြားနားထားတာ ရှိတယ်။ တောင်းလိုက်တဲ့ အခါကျတော့ ခုနကလို ပြည်နယ်တိုင်းမှာ ဖြေပြီးသား အတိုင်းပဲ လာမယ်ဆိုတာ ကြိုသိထားရမယ်” ဟု ဥက္ကဋ္ဌ ဦးဝင်းမြင့် ကပြောသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း က တောင်တွင်းကြီး မြို့လယ်ခေါင် တည့်တည့်ရှိ နယူးဒေး စက်သုံးဆီ အရောင်းဆိုင်ကို မြို့ပြင်ရှိ သင့်လျော်သည့် နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းအား မေးမြန်းဖြေကြားပြီးနောက် ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်မှာ လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေမှာ ကိုယ်စားလှယ်တို့ရဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခွင့်ဆိုတာ ရှိတယ်။ ခုနကလို ဒီလိုကိစ္စမျိုးဆိုရင် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းတာ ပြည်ထောင်စု ဒုဝန်ကြီးဖြေကြားသလို အဲ့ဒီအပေါ်ပိုပြီးတော့ ဂရုပြုပြီး ကြိုးစားပေးဖို့တော့ လိုမယ်”ဟု လည်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ထို့အတူ ကိုယ်စားလှယ်များ မေးခွန်းမေးသည့်အခါတွင် ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်သည့် လုပ်ပေးရမည့် အရာမျိုးကို ပြည်ထောင်စု ၀န်ကြီးဌာနက တာဝန်ခံ ဖြေကြားသွားမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက ပြည်နယ်တိုင်း အစိုးရ၏ လုပ်ဆောင်သည့်အရာကို မေးမြန်းမည်ဆိုပါက ပြည်နယ်တိုင်းအစိုးရ ပြောသည့် သဘော အတိုင်းသာ ၀န်ကြီးဌာနက ဖြေကြားမည်ကို ရှင်းရှင်းလင်းလင်း သိစေချင်သည်ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
ပြည်နယ်တိုင်း အစိုးရ လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့လိုဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား ပြည်နယ်တိုင်း အစိုးရ လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့လိုဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.