ရခိုင်က မြို့ဝင်ကြေးကောက်တဲ့ ဂိတ်တွေ ဖျက်သိမ်းမည်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ဝင်ဂိတ်တစ်နေရာကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်က မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေအားလုံးကို လာမယ့်ဇွန်လ ၁ ရက် နေ့ကနေစတင်ပြီး ဖျက်သိမ်းသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။

ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကို လျှော့ချတဲ့အနေနဲ့ ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုအစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ရခိုင်ပြည်နယ် အတွင်းက လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်တွေကို ဖျက်သိမ်းခဲ့ပြီး အခု ဒုတိယခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ မြို့ဝင်ကြေးကောက်ခံတဲ့လုပ်ငန်းလိုင်စင်တွေကို ဖျက်သိမ်းတာဖြစ်တယ် လို့လည်း ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မအီ စတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ မြို့ဝင်ကြေးလုပ်ငန်းလိုင်စင် စုစုပေါင်း ၁၉ ကို လေလံကြေး ကျပ်သိန်း ၉၄၀ ကျော်နဲ့ ခွင့်ပြုထား ခဲ့တာ ဖြစ်ပါတယ်။

ဖျက်သိမ်းတော့မယ့်လုပ်ငန်းလိုင်စင်ကြေးနဲ့ ဒေသဖွံဖြိုးရေးအတွက်လျာထားတဲ့လုပ်ငန်းတွေကိုတော့ ပြည်နယ်အစိုးရရံပုံငွေနဲ့ ဖြည့်စွက်ဆောင်ရွက် မှာဖြစ်ပြီး နောက်နှစ်တွေမှာလည်း စည်ပင်သာယာရေး လိုင်စင် C အချို့ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးမင်းအောင်ကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်က မြို့ဝင်ကြေးကောက်တဲ့ ဂိတ်တွေ ဖျက်သိမ်းမည် ရခိုင်က မြို့ဝင်ကြေးကောက်တဲ့ ဂိတ်တွေ ဖျက်သိမ်းမည် Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.