ချောင်းဦးမြို့နှင့် အရာတော်မြို့နယ်တွင် စကားများရာမှ လူသေဆုံးမှုဖြစ်ပေါ်


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နဲ့ အရာတော်မြို့နယ်တို့မှာ စကားများရာမှ လူသေဆုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ ချောင်းဦးနဲ့ အရာတော်မြို့မရဲစခန်း တို့ကနေသိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက် မှာ ဧပြီ(၂၇) ရက်က စကားများရာကနေ ဓားမနဲ့ခုတ်ခဲ့တာကြောင့် ဒါဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ လူတစ်ဦး သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့မရဲစခန်းကနေ သိရပါတယ်။

 ဖြစ်စဉ်မှာ ဧပြီ(၂၇) ညဘက်မှာ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်နေ လက်သမားဖြစ်သူ ကိုမောင်ဦးနဲ့ ကျပန်းလုပ်ကိုင်သူကိုအောင်စိုးတို့ဟာ အောင်စိုးနေအိမ်မှာ တစ်ယောက်တစ်ခွန်း စကားများခဲ့ကြပြီး အောင်စိုးက မောင်ဦးကို အရိုးအသွား(၂)ပေခန့်ရှိ ဓားမနဲ့ခုတ်ခဲ့တာကြောင့်ဒါဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့တယ်လို့ စခန်းရဲ့စစ်ဆေးချက်တွေအရ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး အောင်စိုးကို ဖမ်းဆီးထားပြီး ချောင်းဦးမြို့မရဲစခန်း(ပ)၁၆၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 အလားတူ ဧပြီ(၂၆) ည(၆)နာရီခွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကုန်းသာယာကျေးရွာ(၁) မိုင်ခန့်အကွာမှာ ကုန်းသာ-ညောင်ပင်ကန်ကျေးရွာသွား လူသွားလမ်းပေါ်မှာ
စကားများပြီး ဓားမနဲ့ခုတ်ရာကနေ လူတစ်ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ တစ်ရွာတည်းနေညီအကို(၂)ဦးစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ကုန်းသာယာကျေးရွာနေထိုင်သူ ဦးဒေါင်းရွှေ စီးနင်းလာတဲ့ စက်ဘီးတို့ မျက်နှာချင်းဆိုင် တိမ်းရှောင်စဉ်တိုက်မိရန်ဖြစ်သွားပြီး တစ်ယောက်တစ်ခွန်းစကားများခဲ့ပါတယ်။ စကားများရာကနေ ဦးဒေါင်းရွှေက ပါလာတဲ့ ကိုင်းခုတ်ဓားမနဲ့ ညီဖြစ်သူကို ခုတ်လိုက်ရာ ဓားရိုးကျွတ်ကာ အကို ဖြစ်သူရှေ့ ကျသွားပြီး အကို ဖြစ်သူကကောက်ယူပြီး ဦးဒေါင်းရွှေကိုပြန် ခုတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ရဲစခန်းစစ်ဆေးချက်မှတ်တမ်းတွေအရ သိရပါတယ်။


 ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးထားပြီး အရာတော်မြို့မရဲစခန်းက (ပ)၂၄၉/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်ဖြိုးပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ချောင်းဦးမြို့နှင့် အရာတော်မြို့နယ်တွင် စကားများရာမှ လူသေဆုံးမှုဖြစ်ပေါ် ချောင်းဦးမြို့နှင့် အရာတော်မြို့နယ်တွင် စကားများရာမှ လူသေဆုံးမှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.