ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ထိုးခုတ်သတ်သည့် တရားခံများကို ထောင်ဒဏ်များချမှတ်

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ထိုးခုတ်သတ်သည့် တရားခံများကို မတ်လ ၂၀ ရက်နေ့ က ခရိုင်တရားရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့ ကြောင်း သိရပါသည်။

၂၉.၅.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ သိန်းတစ်ရာလမ်းမပေါ်တွင် အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အားလူငယ်များက ဆဲဆိုကြိမ်းမောင်းနေသည်ကိုတွေ့ရှိရ၍ ၀င်ရောက်တားမြစ်ရာမှ အဆိုပါ လူငယ်များသည် ဓားကိုယ်စီဖြင့် ဦးဇော်ဝင်းအား ၀ိုင်းဝန်းထိုးခုတ်ပြီး ထွက်ပြေးခဲ့ရာ ဦးဇော်ဝင်းမှာ ၀ဲဘက်ရင်အုံဘေးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ်၂လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ၀ဲဘက်လက်ညှိုးပြတ်ရှဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၇၉၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများဖြစ်သော ဂျပန်ကြီး(ခ)ကျော်နိုင်လင်းနှင့် အောင်ကိုလင်း(ခ)ဝေလင်းတို့အား ၃၁.၅.၂၀၁၆ ရက်နေ့ ၁၂၃၅ အချိန်ခန့်တွင် ဘီးလင်းမြို့၌ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် တာဝန်ရှိသူ ခေါလေး(ခ)အောင်ပိုင်စိုးအား ၁၄၂၅ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသူများဖြစ်ကြသော ဂျပန်ကြီး(ခ)ကျော်နိုင်လင်းနှင့် အောင်ကိုလင်း(ခ) ဝေလင်းတို့ ၂ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် လည်းကောင်း၊ ခေါလေး(ခ)အောင်ပိုင်စိုးအား ရာဇသတ်ကြီးပုဒ်မ ၂၁၂ဖြင့် လည်းကောင်း ခရိုင်တရားရုံးမှလက်ခံစစ်ဆေးခဲ့ရာ ၂၀.၃.၂၀၁၇ ရက်နေ့ တွင် တရားခံ ဂျပန်ကြီး(ခ)ကျော်နိုင်လင်း၊ (၂၇)နှစ်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂)အရအလုပ်နှင့်ထောင်ဒဏ် (၂၀) နှစ်ကျခံစေရန်၊ တရားခံအောင်ကိုလင်း(ခ)ဝေလင်း၊ (၃၂)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန်နှင့် ခေါလေး(ခ) အောင်ပိုင်စိုးအား ရာဇသတ်ကြီးပုဒ်မ ၂၁၂အားကျူးလွန်ခြင်းမရှိကြောင်း ပေါ်ပေါက်သဖြင့် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ၂၅၈(၁)အရ တရားသေလွှတ်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ထိုးခုတ်သတ်သည့် တရားခံများကို ထောင်ဒဏ်များချမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ထိုးခုတ်သတ်သည့် တရားခံများကို ထောင်ဒဏ်များချမှတ် Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.