လုယက်မှု ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးရာမှ စုံတွဲများထံမှ လုယက်မှုများ ထပ်မံပေါ်ပေါက်


ရန်ကုန် မတ် ၂၃

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း နေ့၊ ည လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိစဉ် မတ် ၁၆ ရက်တွင် လုယက်မှု ကျူးလွန် သူများသည် ဆိုင်ကယ်တစ်စီးဖြင့် လှည့်လည်သွားလာကာ လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင် လာကြောင်း သတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ သုဓမ္မာလမ်းအတိုင်းမောင်းနှင် ထွက်ပြေး သွားသဖြင့် ရှေ့တွင် အသင့်စောင့်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့များ ချိတ်ဆက်၍ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ည ၉ နာရီခွဲတွင် လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဇော်မိုး (၃၂)နှစ်၊ တင်ထွန်း (၅၁)နှစ်၊ သူရိန် (၂၂)နှစ်တို့ သုံးဦးအားLucky အမျိုးအစား ဆိုင်ကယ်တစ်စီး၊ လေးခွ တစ်လက်၊ သံကုံးသီး ငါးလုံး၊Oppo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ အလေးချိန် ခြောက်ပဲ ခုနစ်ရွေးခန့်ရှိ ရွှေဆွဲကြိုးအပြတ် တစ်ကုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။

၎င်းတို့အားစစ်ဆေးရာ အဆိုပါရွှေဆွဲကြိုးကို ယင်းနေ့ ည ၇ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ လမ်းဘေးတွင် စကားပြော နေသော စုံတွဲတစ်တွဲထံမှ လုယက်ယူဆောင်ခဲ့သော ပစ္စည်းများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၇၆၇/၂ဝ၁၇၊ ရာဇသတ် ကြီး ပုဒ်မ- ၃၈၂/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖမ်းဆီးရမိသူများအား အခြားခိုးမှု၊ လုယက်မှုများ ကျူးလွန် ထားခြင်းရှိ၊ မရှိစစ်ဆေးခဲ့ရာ ၎င်းတို့သုံးဦးသည် လွန်ခဲ့သောတစ်လခန့်က ညပိုင်းအချိန်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁)လမ်းဘေးတွင် စကား ပြောနေသော စုံတွဲတစ်တွဲထံမှX-Bo အမျိုးအစားလက်ကိုင်ဖုန်းကိုလည်း ကောင်း၊ မတ် ၂ ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ဘုရားလမ်း မှတ်တိုင်နှင့် ဆောက် လုပ်ရေးမှတ်တိုင်ကြားရှိ မင်းကြီးမဟာမင်းခေါင် လမ်းဘေးတွင် စကားပြောနေသော စုံတွဲတစ်တွဲထံမှ ရွှေနားကပ်တစ်ရံ ကိုလည်းကောင်း၊ မတ် ၅ ရက် ည ၈ နာရီခန့်တွင် ရန်ကုန်-ပုသိမ်ချဉ်းကပ် လမ်းဘေး စကားပြောနေသော စုံတွဲတစ်တွဲထံမှ ရွှေလက်စွပ်တစ်ကွင်းအား လည်းကောင်း၊ မတ် ၁၃ ရက် ည ၇ နာရီခွဲခန့်တွင် ယင်းနေရာ အနီး၌ပင် စကားပြောနေသော စုံတွဲတစ်တွဲထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း အသီးသီး လုယက်ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုများ အသီးသီးဖွင့်ကာ ¤င်းတို့လုယက်ခဲ့သောပစ္စည်းများကို ဝယ်ယူထားသူ လှိုင်သာယာမြို့နယ်နေ မောင်နိုင်ကိုလည်း အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လုယက်မှု ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးရာမှ စုံတွဲများထံမှ လုယက်မှုများ ထပ်မံပေါ်ပေါက် လုယက်မှု ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးရာမှ စုံတွဲများထံမှ လုယက်မှုများ ထပ်မံပေါ်ပေါက် Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.