မြောက်ဦးမြို့နယ် မြောင်းဘွေတွင် ရဲတပ်ဖွဲ့ဝင်များက လူငယ် ၅ ဦးအား အကြောင်းမဲ့ အနိုင်ကျင့် ရိုက်ပုတ်ခဲ့သည်ဟုဆို


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာတွင် တာဝန်ကျနေသော ရဲအရာရှိ တစ်ဦးနှင့် ရဲသား သုံးဦးခန့်မှ လူငယ် ၅ ဦးအား ထိုးကြိတ် ဖမ်းဆီးပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့သည်ဟု ထိုးကြိတ်ခံရသူ လူငယ်များက နိရဉ္စရာသို့ သတင်း ပေးပို့သည်။

ထိုးကြိတ်သူ ရဲအရာရှိမှာ မြောင်းဘွေစခန်းမှ ရဲအုပ် လှဝင်း ဖြစ်ပြီး ထိုးကြိတ် ငွေတောင်းခံရသူများမှာ ကိုမျိုးသီဟ၊ ၎င်း၏ ညီဖြစ်သူ ကိုတင်မောင်စိုး၊ ယောက်ဖဖြစ်သူ ကိုအောင်သိန်းဝင်း၊ သူ၏ အစ်ကို ကိုဝဏ္ဏနှင့် နေနေထွန်းတို့ ဖြစ်ကြသည်ဟု သိရသည်။

“ကျွန်တော်တို့က မြောင်းဘွေက ဦးစိန်လိုင် လဖက်ရည်ဆိုင်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၇ နာရီမှာ လဖက်ရည် သောက်ရင်း အလုပ်သမားစာရင်းလုပ်နေချိန်မှာ ရဲက လာမေးမြန်းစစ်ဆေးကြပါတယ်။ ဖြစ်တဲ့ချိန်မှာ အဲဒီ နှစ်ပွင့်နဲ့ ရဲအုပ် လှဝင်းအပါအ၀င် နောက်တစ်ယောက် ပါဝင်ပါတယ်။ ကျွန်တော်တို့ကို မေးတဲ့ အချိန်မှာ သူက အရက် မှုးနေပါတယ်။ ကျွန်တော်တို့ကို အေအေကလားဆိုပြီး မေးပါတယ်။ မဟုတ်ပါဘူး။ ဒီမှာ တံတားလာလုပ်တဲ့ အဖွဲ့ကပါ ပြောတော့ ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုပါတယ်။ ကျွန်တော်တို့လည်း ကြောက်ပြီးး အလုပ်သမား တွေနေတဲ့ တန်းလျား အဆောင်ကို ပြန်တော့ လမ်းပေါ်မှာ နောက်ထပ် ရဲသုံးယောက်နဲ့ ရောက်လာပြီး ရိုက်ပုတ် ထိုးကြိတ်ပါတယ်။ ကျွန်တော်တို့လည်း မခံနိုင်တာနဲ့ ပြန်ခုခံတော့ ရန်ပွဲလို ဖြစ်သွားပြီး လူတွေက ဖျန်ဖြေကြပါတယ်။ ကိုဝဏ္ဏနှင့် နေနေထွန်းတို့မှာ ဒဏ်ရာ ရသွားပါတယ်” ဟု ကိုမျိုးသီဟမှ ပြောသည်။


၎င်းနောက်ပိုင်းတွင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလိုက်လာပြီး မေးမြန်းစရာများရှိသည်ဟု ဆိုကာ ဒဏ်ရာ ရသူ နှစ်ဦးမှ အပ ကျန်သုံးဦးဖြစ်သူ ကိုမျိုးသီဟ၊ ညီဖြစ်သူ ကိုတင်မောင်စိုး၊ ယောက်ဖဖြစ်သူ ကိုအောင်သိန်းဝင်းတို့ကို စခန်းသို့ ခေါ်ဆောင်သွားပြီး စခန်းတွင် ချည်နှောင်ကာ ပြင်းပြင်းထန်ထန် ထိုးကြိတ် နှိပ်စက်သည်ဟု ကိုမျိုးသီဟက ပြောကြားသည်။

ကိုမျိုးသီးဟက “ကျွန်တော်တို့ကို စခန်းခေါ်သွားပြီး ၃ ယောက်ဝိုင်းရိုက်ပါတယ်။ ပိုက်ဆံလည်း ၁ သိန်းခွဲ တောင်းပါတယ်။ ရိုက်ပြီး ညတွင်းမှာ ကျနော်တို့ကို SAE ဦးမောင်မောင်အေးက လာထုတ်ပါတယ်။ ၁၇ ရက်နေ့မှာ ငွေတစ်သိန်းခွဲသွားပေးလိုက်ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အခင်း ဖြစ်ပွားခဲ့ရာ လဘက်ရည်ဆိုင်သို့ ဆက်သွယ်မေးမြန်းရာ လဘက်ရည်ဆိုင်မှ အမျိုးသမီကြီး တစ်ဦးက “ ဒီအလုပ်လုပ်နေတဲ့ ကလေးတွေက ဒီကိုရောက်တာ ကြာနေပါ။ ဇာတိက အမ်းမြို့နယ်ကပါ။ အရက်သောက်တာလည်း ကျွန်မ တစ်ခါမှ မမြင်မိပါဘူး။ ဖြစ်တဲ့နေ့က သူတို့က လဘက်ရည် သောက်နေပါတယ်။ အဲဒီ အချိန်မှာ အရပ်ဝတ်နဲ့ ရဲတစ်ဦး ၀င်လာပြီး မင်းတို့ အေအေကလားဆိုပြီး မေးပါတယ်။ ကလေးတွေက ယဉ်ယဉ်ကျေးကျေးနဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့သူတွေပါလို့ ပြန်ပြောပါတယ်။ ပြောတာနဲ့ ရဲအရာရှိဆိုသူက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပါတော့တယ်။ ကျွန်မကိုလည်း ကျွန်မယောင်္ကျားက အထဲကို ၀င်နေပါဆိုတော့ ၀င်နေတယ်။ နောက်တော့ ကလေးတွေက ဆိုင်ထဲက ထွက်သွားပြီး လမ်းပေါ်ရောက်တော့ ရဲတွေက ၀ိုင်းထိုးတယ်လို့ သိရပါတယ်။ နှစ်ယောက်က ဒဏ်ရာရတယ်။ သုံးယောက်ကိုတော့ ရဲက စခန်းကို ခေါ်ယူသွားပြီး လက်သီးတွေနဲ့ ထိုးကြတယ်လို့ သိရပါတယ်။ စခန်းမှူးက အပြင်က ပြန်ရောက်လာတဲ့ အတွက် သက်သာရာ ရသွားတယ်လို့ သူတို့ကက ပြန်ပြောပါတယ်။ မဟုတ်ရင် မလွယ်ဘူးလို့ သိရပါတယ်။ ကျွန်မတို့က ဒီလို ကိုယ်မျက်စိရှေ့မှာ အနိုင်ကျင့်ခံရတာကို မြင်ရတော့ အလွန်ကြောက်မိပါတယ်” ဟု ပြောဆိုသည်။

အခင်းဖြစ်ပွားပြီးနောက်သူတို့အား ရဲစခန်းတွင် ချည်နှောင်ထားပြီး စခန်းမှူးက ကိစ္စတစ်ခုဖြင့် အပြင်ကို ထွက်သွားစဉ် ရဲသားများက လက်သီးများဖြင့် ၀ိုင်းထိုးကြသည်ဟု သိရကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။

အဆိုပါ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး မြောင်းဘွေ စခန်းမှူး ဦးစောဦးထွန်းကို နိရဉ္စရာက ဆက်သွယ် မေးမြန်းရာမှာ သူက “ ပြဿနာဖြစ်တာ မကြားမိပါဘူး။ အဲဒီနေ့က ဒုသမ္မတခရီးစဉ်ကြောင့် လုံခြုံရေးသွားနေခဲ့ရတဲ့ အတွက် တိတိကျကျ မသိရပါဘူး။ လာပြီး တိုင်ချက်ဖွင့်တာလည်း မရှိသေးပါဘူး” ဟု နိရဉ္စရာသို့ပြောသည်။


ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြောက်ဦးမြို့နယ် ဒုရဲမှူး ဦးသန်းဖေအား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြဿနာ ဖြစ်သည်ဟု ကြားရကြောင်း၊ သို့သော် အမှုမှာ မြောင်းဘွေစခန်းနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသည်။

“မျက်လုံးဒါဏ်ရာရတဲ့ ကျနော်ကို ဆရာဝန်ကတောင်ဆေး မကုရဲဘူး။ အမှုဖွင့်စာတို့ ပြမှကုပေးနိုင်မယ်လို့ ပြောပါတယ်။ ကျနော်တို့က သတင်းသမားတွေနဲ့လည်း အဆက်အသွယ်မရှိတော့ ဘာဆက်လုပ်ရမလဲဆိုလည်း မသိပါဘူး။ ကျနော်တို့နဲ့ အချေအတင် ပြောတဲ့ဟာတွေကို သူတို့ ဗွီဒီယိုရိုက်ထားပါတယ်။ ဒီဖြစ်စဉ်ကို အထက်လူကြီးတွေက စစ်ဆေးပေးဖို့ ကျွန်တော်တို့ လိုလားပါတယ် ” ဟု ကျိုမျိုးဟီဟမှ ဆက်ပြောသည်။

ကိုမျိုးသီဟတို့ ညီအစ်ကို ၄ ဦးမှာ အမ်းမြို့နယ် ပျဉ်းတောကျေးရွာမှဖြစ်ကြသည်။ ကိုမျိုးသီဟမှာ အသက် ၂၁ နှစ်ဖြစ်ပြီး (ဘ) ဦးထွန်းအောင်ကျော်၊ (အမိ)ဒေါ်အုန်းမေ၏ သားဖြစ်သည်။

လက်ရှိတွင် အမှုဖွင့်ခြင်းလည်းမရှိသေးကြောင်းနှင့် အမှုဖွင့်တိုင်ကြားဖို့ စီစဉ်နေကြောင်းသိရသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara-151742128171206/
မြောက်ဦးမြို့နယ် မြောင်းဘွေတွင် ရဲတပ်ဖွဲ့ဝင်များက လူငယ် ၅ ဦးအား အကြောင်းမဲ့ အနိုင်ကျင့် ရိုက်ပုတ်ခဲ့သည်ဟုဆို မြောက်ဦးမြို့နယ် မြောင်းဘွေတွင် ရဲတပ်ဖွဲ့ဝင်များက လူငယ် ၅ ဦးအား အကြောင်းမဲ့ အနိုင်ကျင့် ရိုက်ပုတ်ခဲ့သည်ဟုဆို Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.