YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဘီအိုစီမှတ်တိုင်တွင် စိုက်ထူထားသော YBS မော်တော်ယာဉ်လိုင်း ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်အား ၁၆.၁.၂၀၁၇ ရက်နေ့ ၀၇၁၅ အချိန်ခန့်တွင် အမျိုးသားတစ်ဦးမှ လက်ဖြင့် ရိုက်နှက်ဖျက်ဆီး သွားကြောင်းကို ၁၈.၁.၂၀၁၇ ရက်နေ့ ၁၀၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ ဖုန်းသတင်းပေးပို့ ချက်အရ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

အဆိုပါဆိုင်းဘုတ်၏အလယ်တွင် အရှည်(၁)ပေခွဲခန့် ကန့်လန့်ဖြတ်စုတ်ပြဲ ပျက်စီးနေသည်ကိုတွေ့ရှိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၃၈/၂၀၁၆၊ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ကာ ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်အား ပျက်စီးအောင်ပြုလုပ် သွားသူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်နေ နန္ဒသူရ၊ (၄၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၁၈.၁.၂၀၁၇ ရက်နေ့ ၁၂၀၅ အချိန်တွင် ၎င်းအားဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်များအား မလျော်ကန် ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့သူများကို ရဲတပ်ဖွဲ့မှထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ  YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.