ကယားပြည်နယ်နေ့ အထိမ်းအမှတ် Music Festival 2017 ဖျော်ဖြေပွဲ၌ ခိုက်ရန်ဖြစ်ပွားမှု လူ ၅ ဦး ဒဏ်ရာရရှိ


ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော ကယားပြည်နယ်နေ့ အထိမ်းအမှတ် Music Festival 2017 ဖျော်ဖြေပွဲ၌ ဖျော်ဖြေပွဲအပြင်ဖက်ရှိ ရမ်းကားသောပရိသတ်အချို့ကြောင့် လုံခြုံရေးအဖွဲ့နှင့် အပြန်အလှန်အချင်းပွားမှုအပြီး လူ ၅ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကန္ဒရဝတီအားကစားကွင်းအတွင်း ကျင်းပခဲ့သော ယင်းပွဲ၏ ဒုတိယပိုင်း စတင်ပြီး မကြာခင် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၀း၄၅ မိနစ်အချိန်၌ လုံခြုံရေးယူထားသော ပွဲတာဝန်ခံများနှင့် ကွင်းအပြင်ဖက်ရှိ ပရိသတ် ၅၀ ဦးခန့်တို့မှ လက်မှတ်စစ်ဝင်ပေါက်ဂိတ်အနီးအပြင်ဖက်တွင် အပြန်အလှန်အချင်းများခဲ့ခြင်း ဖြစ်သည်။

ပွဲ၏အပြင်ဖက်ရှိ ရမ်းကားသော ပရိသတ်မှ ကွင်းအတွင်းသို့ ကျောက်ခဲ၊ တုတ်၊ ပုလင်း အစရှိသော အရာဝတ္တုပစ္စည်းများဖြင့် စတင်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတာဝန်ယူထားသူများက အခြေအနေအား ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ ထိုမှ တဆင့် အချင်းပွားမှု ပိုမိုကြီးလာခဲ့ကြောင်း ၎င်းအချိန်တွင် ယင်းကွင်းအတွင်း၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ လွိုင်ကော်ခရိုင်ရဲမှူး ဦးစိုးသိန်းက ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားသည်။

“တကယ်တမ်း မနေ့က ကိစ္စက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ လူဝင်တဲ့လူနဲ့ ထွက်တဲ့လူတားဖို့ စစ်တဲ့သူကြားမှာ အဆင်မပြေတာ။ တခါတလေကျတော့ စကားပြောရင် အဆင်မပြေတာရှိတယ်။ တခါတလေကျတော့ စကားပြောရုံမဟုတ်တော့ဘဲ တွန်းလိုက် တိုးလိုက်။ တစ်ယောက်ယောက်တွန်းဆွဲဆွဲ ဒါတောင် ထိုးကြ ကြိတ်ကြတာ မဟုတ်သေးဘူး။ အဲ့ဒီကနေ ထပြီးတော့ မီးပွားကြီးသွားတယ်ပေါ့နော်။”ဟု လွိုင်ကော်ခရိုင်ရဲမှူး ဦးစိုးသိန်းက ပြောကြားသည်။

အပြန်အလှန်အချင်းပွားရာမှတဆင့် ဂိတ်တံခါးကို ကျော်လွန်ပြီး ကွင်းအတွင်းသို့ ဝင်ရောက်ကာ ဇာတ်စင်နှင့် လူအချို့ကို အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု ၎င်းက ဆိုထားသည်။

အချင်းပွားမှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ကာ တစ်ဦးမှာမူ ကုမ္ပဏီ၏ လုံခြုံရေးတာဝန်ယူထားသူဖြစ်ပြီး ကျန် ၄ ဦးမှာ ဒဏ်ရာ(မစိုးရိမ်ရ)ကြောင့် ဆေရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းပွဲကို အရှေ့သံလွင်ထရေးဒင်းကုမ္ပဏီမှ တာဝန်ယူကျင်းပခဲ့ပြီး ကုမ္ပဏီမှ ခန့်ထားသော လုံခြုံရေးတာဝန်ယူထားသူ ၂၀ ဦးကျော်နှင့် ကွင်းအတွင်း လုံခြုံရေးကိုမူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်သား ၇၅ ဦးတို့မှ စုပေါင်းပြီး တာဝန်ယူခဲ့ကြခြင်း ဖြစ်သည်။

သတင်း-ဓါတ်ပုံ>
စိုင်းလင်းလင်းဦး/ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
ကယားပြည်နယ်နေ့ အထိမ်းအမှတ် Music Festival 2017 ဖျော်ဖြေပွဲ၌ ခိုက်ရန်ဖြစ်ပွားမှု လူ ၅ ဦး ဒဏ်ရာရရှိ  ကယားပြည်နယ်နေ့ အထိမ်းအမှတ် Music Festival 2017 ဖျော်ဖြေပွဲ၌ ခိုက်ရန်ဖြစ်ပွားမှု လူ ၅ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.