စိတ်ဝေဒနာရှင်တစ်ဦးကြောင့် အိမ်နှစ်လုံးမီးလောင်


မြစ်ကြီးနား၊ ဒီဇင်ဘာ -၂၀

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် စိတ်ရောဂါဝေဒနာရှင်တစ်ဦးကြောင့် မီးလောင်မှုတစ်မှု ဖြစ်ပွါး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ခေမာသီရိရပ်ကွက်၊ လမ်းသွယ်(၁၀)အတွင်းရှိ လူနေထိုင်ခြင်းမရှိသော နှစ်ထပ်အိမ်တစ်လုံး တွင် စိတ်ဝေဒနာရှင်တစ်ဦးဝင်ရောက်နေထိုင်လျှက်ရှိရာ ၎င်းစိတ်ဝေဒနာရှင် သောက်သည့် ဆေးလိပ်မီးမှ တစ် ဆင့် မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု ပတ်ဝန်းကျင်ပြောစကားများအရ တာဝန်ရှိသူများက သုံးသပ် ထားသည်။

"ကျွန်တော်တို့ရဲ့စစ်ဆေးတွေ့ရှိချက်အရကတော့ အိမ်ထဲမှာရှိတဲ့ အိပ်ယာခင်းကိုမီးစွဲရာကနေ အိမ်ကို မီးကူးတာပါ။ အဲဒီအိမ်မှာ ပိုင်ရှင်လည်းမနေဘူးလို့ ပတ်ဝန်းကျင်ကနေတဆင့် သိရပါတယ်။ ပြီးတော့ အဲဒီ စိတ် ဝေဒနာရှင်က ၀င်ပြီးနေတာလို့ ဘေးကပြောကြတယ်။ ဒီတော့ စိတ်ဝေဒနာရှင်ဆိုတော့ ခြင်ဆေးခွေတော့ မသုံး လောက်ဘူးလေ။ဆေးလိပ်သောက်ရာကနေ ဖြစ်တယ်လို့ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က သုံးသပ် ထားပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက မြစ်ကြီးနားဂျာနယ်သို့ပြောသည်။


မီးလောင်မှုမှာ ယနေ့နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် ဦးစိန် သောင်း ပိုင်ဆိုင်သော သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံးနှင့် ဘေးကပ်လျက်ရှိ သွပ်မိုး၊ ထရံကာ၊ အုပ်ညှပ် နှစ်ထပ်အိမ်တစ်လုံးတို့ မီးလောင်ကာ ငွေကျပ် ဆယ်သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

မီးလောင်မှုဖြစ်ပွားစေခဲ့သော စိတ်ရောဂါဝေနာရှင်မှာမူ မီးလောင်ချိန်တွင် ကြောက်လန့်ထွက်ပြေးသွား ခဲ့သောကြောင့် မြစ်ကြီးနားနယ်မြေရဲစခန်းမှ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း ပြည်နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

သို့သော် ရူးသွပ်သူနှင့် အသက် ၇ နှစ်အောက်ကလေးတို့၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်ဟု ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေတွင် ပြဌာန်းထားသည်။

(ဝေဖြိုးအောင်)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
စိတ်ဝေဒနာရှင်တစ်ဦးကြောင့် အိမ်နှစ်လုံးမီးလောင်  စိတ်ဝေဒနာရှင်တစ်ဦးကြောင့် အိမ်နှစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.