ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အသေဖမ်းဆီးမိ


ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်စ်ဈေးထဲကို ထရပ်ကားနဲ့ မောင်းဝင်တိုက်ခိုက်မှုအတွက် သံသယရှိနေသူ တူနီးရှား အမျိုးသားကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အသေးစိတ်တွေကိုတော့ ပြည်ထဲရေးဝန်ကြီး Marco Minniti သိပ်မကြာခင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောတဲ့အချိန်ကျမှပဲ သိရပါမယ်။

လူ ၁၂ ယောက်သေဆုံးရတဲ့ထိ ထရပ်ကားနဲ့ မောင်းဝင်တိုက်ခိုက်ခံခဲ့ရတဲ့ ခရစ္စမတ်စ်ဈေးကိုတော့ ရဲလုံခြုံရေးအပြည့်၊ ကွန်ကရိ တုံးအကာအရံတွေ ပတ်ပတ်လည်ချပြီးတော့ ပြန်ဖွင့်ထားပါပြီ။

ဈေးဖွင့်ပွဲမှာ ဆူညံတဲ့ ဂီတသံတွေဖွင့်တာ ဒါမှမဟုတ် စူးရှတောက်ပတဲ့မီးတွေ ထွန်းညှိတာမျိုးမလုပ်ဘဲ တိုက်ခိုက်ခံရသူတွေကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အဖြစ် အခင်းဖြစ်တဲ့နေရာမှာ ဖယောင်းတိုင်တွေထွန်း၊ ပန်းတွေချပြီးတော့ပဲ ဖွင့်ခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် တူနီးရှားနွယ်ဖွား Anis Amri ကို ဥရောပတိုက်တ၀န်းမှာ အာဏာပိုင်တွေက လိုက်ရှာနေတာပါ။ သူ့ကို လွန်ခဲ့တဲ့လအတော်ကြာကတည်းက ဂျာမနီကနေ နေရပ်ရင်း ပြန်ပို့ခဲ့ရမှာဖြစ်တယ်လို့ ဂျာမန်တာဝန်ရှိသူတွေကပြောပါတယ်။

Anis Amri ဟာ တိုက်ခိုက်ဖို့အတွက် လက်နက်တွေဝယ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတခုရထားတာကြောင့် ဂျာမန်ရဲက သူ့ကို စောင့်ကြည့်နေခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီစုံစမ်းမှုကို စက်တင်ဘာလက ရပ်ပစ်ခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အသေဖမ်းဆီးမိ ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အသေဖမ်းဆီးမိ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.