(၄) ခန်းထက် ပိုဆောက်သည့် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဟု YESC ထုတ်ပြန်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်များ ဓာတ်အားရရှိရေးအတွက် တိုက်ခန်း(၄)ခန်းအထက်ပိုမိုဆောက်လုပ်ထားပြီး ဓာတ်အားသတ်မှတ်ယူနစ်ထက်ကျော်လွန် သုံးစွဲသောတိုက်များအနေနှင့် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်း YESC မှ အထွေထွေမန်နေဂျာဦးသန့်ဇင်က News Watch သို့ သြဂုတ် (၁၁)ရက်တွင် ပြောသည်။

ယခင်မူလနေအိမ်တလုံးအား ကန်ထရိုက်တိုက်များအဖြစ် ပြောင်းလဲဆောက်လုပ်ရာတွင် အနည်းဆုံး ၄ခန်းနှင့်အထက် အခန်းများစွာဖြင့် ဆောက်လုပ်နေမှုများကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းပိုင် ထရန်စဖော်မာများသည် ၀န်အားမနိုင်နင်းမှုအခြေအနေ မျိုးဖြစ်နေသည့်အတွက် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

''ကန်ထရိုက်တိုက်ဆိုတာ စီးပွားရေးအရ လုပ်ကြတာဆိုတော့ ပထမနေအိမ်တလုံးကနေ အခန်း(၁၀)ခန်း၊ (၁၅)ခန်းအထိ ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိပေးထားတဲ့ ဓာတ်အားအခြေအနေအရ အများပြည်သူပေးတဲ့ ထရန်စဖော်မာကနေ မီးပေးလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့ကို သီးခြားထရန်စဖော်မာဆိုပြီး ထိုင်ခိုင်းတာပါ။ ပြောချင်တာကတော့ အခန်း ၄ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာထိုင်ရမဲ့သဘောပေါ့''ဟု ဦးသန့်ဇင်က ပြောသည်။

YESC ၏မူအရ ယခင်က တိုက်ခန်း (၁၈) ခန်း၊ အခန်း (၂၀) အထက် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်များကို ထရန်စဖော်မာတပ်ဆင်၍ ဓာတ်အားသုံးစွဲရန် သတ်မှတ်ထားခဲ့ရာမှ ယခုအခါ တိုက်ခန်းတခန်းလျှင် မိသားစုတစု လျှပ်စစ်ဓာတ်အား (၁၀ ကေဗွီအေ)၊ တိုက်ခန်း (၄)ခန်း ၄၀ ကေဗွီအေဟု သတ်မှတ်ထားသည့်အတွက် အခန်း(၄)ခန်းနှင့်အထက် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန် စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်မှတ်ရရှိထားသည့် မည် သည့်အဆောက်အအုံမဆို ၃၀ ကီလိုဝပ် (၃၇ ဒသမ ၅ ကေဗွီအေ) ထက်ကျော်လွန် ၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း YESC က သြဂုတ် (၁၁)ရက်တွင် ကြေညာခဲ့သည်။

YESC ကြေညာချက်နှင့်ပတ်သက်၍ KBS ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘိုစန်းက''ဒါက သူတို့ပြန် လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ ဒီလိုမျိုးလုပ်မယ်ဆိုရင်လည်း လမ်းတလမ်းအတွင်းမှာရှိတဲ့ ဆောက်ပြီးသားကန်ထရိုက်တိုက်တွေ ရှိတယ်။ အဲဒီအတွက် ပင်မထရန်စဖော်မာတခုထားပြီးတော့ အဲဒီကနေရယူသုံးစွဲမယ်ဆိုရင် တတိုက်ကို ဘယ်လောက်ကုန်ကျမယ်ဆိုတာက ပိုသင့်တော်မယ်ပေါ့''ဟု ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ