အမြန်လမ်းတွင်ရပ်ထားသောယာဉ်ကို နောက်မှဝင်တိုက်၍ ယာဉ်မောင်းသေဆုံး


ကျောက်တံခါး သြဂုတ် ၎

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းအမြန်လမ်းရဲစခန်း အပိုင် မိုင်တိုင်အမှတ် ၁ဝဝ/၅ အနီးတွင် သြဂုတ် ၃ ရက် ည ၁၁ နာရီခန့်က ခရီးသည်တင်ယာဉ်ကို နောက်မှ လိုက်ထရပ်ယာဉ်က ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းအရ မြို့ချောင်းအမြန်လမ်း မကြီးရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း သန်းထွဋ် (၄၇)နှစ် ပခုက္ကူမြို့နေသူ မောင်းနှင်လာသော 3H/... JJ ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းမကြီးဘေး ယာဘက်ခြမ်းတွင် ခေတ္တရပ်တန့်ထားစဉ် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဇော်မင်းနိုင်(၃၄)နှစ် ရွှေအင်ကြင်း ရပ်ကွက် ဒက္ခိဏသီရိမြို့နယ်နေသူ မောင်းနှင်လာသော 8L/... လိုက်ထရပ် အဖြူရောင်ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိခဲ့သည်။ ခရီးသည် တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိ ခဲ့သော်လည်း လိုက်ထရပ်ယာဉ်မောင်း ဇော်မင်းနိုင်တွင် ဝဲ၊ယာ ခြေသလုံး ရိုးကျိုး၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ရင်ဘတ်ဖူးရောင်ဒဏ်ရာများ ရရှိ ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော ဆရာတော် ဦးစန္ဒောဘာသသက်တော် (၃၅)နှစ် ဝါတော်(၁၆)ဝါ ရတနာပင် စည်စာသင်တိုက် ဒက္ခိနသီရိမြို့နယ် နေသူတွင် ဝဲ၊ ယာ ဒူးနှင့် ခြေသလုံး ပေါက်ပြဲ၊ ဝဲမျက်ခုံးနှင့် မေးစေ့ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သည်။

ခရီးသည်တင် ယာဉ်မှာ နောက်ပိုင်းပိန်ချိုင့်အချက်ပြ မီးကွဲကြေ၊ လိုက်ထရပ်ယာဉ်မှာ ရှေ့ဦးခေါင်းပိန်ချိုင့် လေကာမှန်ကွဲ တံခါးများ ပိန်ချိုင့်တွန့်လိမ် ဘန်ဘာ ပြုတ်ထွက်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက် ၍ မြို့ချောင်းအမြန်လမ်းရဲစခန်းက ယာဉ်(ပ)၁ဝ၁/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။ ယာဉ်မောင်းမှာ ဆေးကုသမှုခံယူနေစဉ် သြဂုတ် ၄ ရက် နံနက် ၁ဝ နာရီခန့်တွင် သေဆုံး သွားခဲ့သဖြင့် ပုဒ်မပြင်ဆင်အမှုဖွင့် လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အမြန်လမ်းတွင်ရပ်ထားသောယာဉ်ကို နောက်မှဝင်တိုက်၍ ယာဉ်မောင်းသေဆုံး  အမြန်လမ်းတွင်ရပ်ထားသောယာဉ်ကို နောက်မှဝင်တိုက်၍ ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.