ကန်တစာခံ ၄ ဦး ပြန်လွတ်ချိန်နဲ့ အီရန်ကို ဒေါ်လာ သန်း ၄၀၀ ပေးချေချိန် တိုက်ဆိုင်

ကန်တစာခံ ၄ ဦး ပြန်လွတ်ချိန်နဲ့ အီရန်ကို ဒေါ်လာ သန်း ၄၀၀ ပေးချေချိန် တိုက်ဆိုင်
ပျက်ပြားသွားခဲ့တဲ့ လက်နက်အရောင်းအ၀ယ် ကိစ္စနဲ့ ပတ်သက်လို့ ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားနေတာကို ဖြေရှင်းတဲ့ အစီအစဉ် တစိတ်တပိုင်း အဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၄၀၀ တန်ဖိုးနဲ့ညီမျှတဲ့ နိုင်ငံခြားငွေတွေကို ဇန်န၀ါရီလထဲ အီရန်နိုင်ငံဆီ လေကြောင်းကနေ ပေးပို့ခဲ့ပါတယ်။

တရက်တည်းမှာပဲ - အီရန်နိုင်ငံကလည်း အမေရိကန်ဓားစာခံ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့၊ ဒါဟာ ဓားစာခံတွေ လွတ်မြောက်အောင် ပြန်ပေးငွေပေးတာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ငြင်းဆန်ထားပါတယ်။

ဥရောပသုံး Euro ငွေ၊ ဆွစ်ဇာလန်နိုင်ငံသုံး Francs နဲ့ တခြားငွေကြေးတွေနဲ့ လဲလှယ်ထားတဲ့ ငွေတွေကို သစ်သားသေတ္တာတွေနဲ့ ထည့်ပြီး အမှတ်အသားမပါတဲ့ ကုန်တင်လေယာဉ်တစင်းနဲ့ အီရန်နိုင်ငံဆီ အမေရိကန်က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ရှားဘုရင် မပြုတ်ကျခင် ၁၉၇၉ ခုနှစ်မှာ ရယူခဲ့တဲ့ အီရန်နဲ့ အမေရိကန်ကြား လက်နက်အရောင်းအ၀ယ် သဘောတူညီချက် ပျက်ပြားခဲ့တဲ့အတွက်၊ ဒေါ်လာ ၁.၇ ဘီလီယံနဲ့ ကျေအေးခဲ့တဲ့အထဲက ပထမအရစ်အနေနဲ့ ပေးခဲ့တာ ဖြစ်ပါတယ်။

အီရန်နဲ့ ငွေကြေးလွှဲပြောင်းမှုမှာ အမေရိကန်နိုင်ငံရဲ့ တည်ဆဲဥပဒေအရ အမေရိကန်ဒေါ်လာနဲ့ တရားဝင် လွှဲပြောင်းခွင့်မရှိတာကြောင့် တခြားနိုင်ငံခြားငွေကြေးတွေနဲ့ စီစဉ်ခဲ့ရတာပါ။

ငွေတွေလွှဲပြောင်းပေးခဲ့တဲ့ တနေ့တည်းဖြစ်တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာပဲ အီရန်ဘက်ကလည်း အမေရိကန် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဒီအထဲမှာ ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အီရန်ဌာနခွဲမှူး Jason Rezaian၊ မရိန်းစစ်ပြန် Amir Hekmati၊ ခရစ်ယာန်သင်းအုပ်ဆရာ Saeed Abedin နဲ့ ပြန်မလွတ်ခင်အထိ ဘယ်မှာရှိနေခဲ့မှန်း မသိရသူ Nosratollah Khosravi-Roodsari တို့ ပါဝင်ပါတယ်။

ငွေကြေးလွှဲပြောင်းမှုနဲ့ ဓားစာခံတွေလွတ်မြောက်လာတဲ့ အချိန်ဟာ၊ အီရန်က နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးဖို့ အမေရိကန်၊ တခြား ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ အီရန်တို့အကြား သဘောတူညီမှုရခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကန်တစာခံ ၄ ဦး ပြန်လွတ်ချိန်နဲ့ အီရန်ကို ဒေါ်လာ သန်း ၄၀၀ ပေးချေချိန် တိုက်ဆိုင်  ကန်တစာခံ ၄ ဦး ပြန်လွတ်ချိန်နဲ့ အီရန်ကို ဒေါ်လာ သန်း ၄၀၀ ပေးချေချိန် တိုက်ဆိုင် Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.