အမည်မသိ ဘင်္ဂလီ ၁၀ ခန့်ကို သယ်ဆောင်လာသည့် ရန်ကုန်မှ ကားတစ်စီး မြေပုံမြို့နယ်တွင် ဖမ်းမိ

(ဖမ်းမိကားကို တွေ့ရစဉ်။ ဓာတ်ပုံ- ဦးမြသန်း)
ရန်ကုန်၊ ဇူလိုင်လ ၃၀

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အမည်မသိ ဘင်္ဂလီ ၁၀ ဦးခန့်အား တင်ဆောင်လာသည့် ကားတစ်စီးကို ယနေ့ နံနက်က ဖမ်းဆီးရမိပြီး ကားပေါ်ပါလာသူ ဘင်္ဂလီ ၁၀ ဦးခန့်မှာ အခြားကားတစ်စီးဖြင့် ထွက်ပြေး သွားသည်ဟု မြေပုံမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက နိရဉ္စရာသို့ ပြောသည်။

ဦးမြသန်းက" ဒီနေ့ မနက်က ဒင်္ဂါရကျေးရွာ ANP ပါတီ ဥက္ကဋ္ဌက ဖုန်းဆက်ပြောလာပါတယ်။ ဒီနေ့မနက် ၅ နာရီကျော်လောက်က ကားတစ်စီး ရွာနားမှာရပ်နေတာကို တွေ့ပါတယ်။ ရွာသားတွေ အများကြီး ဝိုင်းလာကြတော့ ကားပေါ်မှာ ပါလာတဲ့ ဘင်္ဂလီ ၁၀ နီးပါးခန့်က နောက်ကလာတဲ့ ကားတစ်စီးပေါ်ကို ပြေးတက် ထွက်ပြေးသွားကြတယ်လို့ အကြောင်းကြားလာပါတယ်။ အရင်သူတို့ စီးလာတဲ့ကားက ပျက်သွားတဲ့ အတွက် နောက်တစ်စီးနဲ့ ထွက်ပြေးသွားတာလို့ ပြောပါတယ်။ ပျက်နေတဲ့ကားပေါ်မှာ ပါလာတဲ့ တစ်ယောက်ကလည်း ကားကို သော့ချပြီး ထွက်ပြေးသွားတယ်။ နေ့လယ်ကတော့ အမ်းက လူနှစ်ယောက် ဒီကားကို လာတောင်းပေမယ့် ရွာသားတွေကတော့ မပေးလိုက်ဘူး လို့ပြောပါတယ်"ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သော့ချထားခဲ့သော ကားရှေ့ခန်းတွင် ဦးအောင်ဌေး၊ အမှတ် ၁၅၄၊ ဗဟန်း ၃ လမ်း၊ ဗဟန်းမြို့နယ် ဆိုသည့် လိပ်စာ ကတ်တစ်ခု ချိတ်ဆွဲထားကြောင်း၊ စက်ပျက်ကျန်နေခဲ့သည့်ကားနံပတ်မှာ YNG 1G 2160 အိမ်စီးကား အမျိုးအစားဖြစ်ကြောင်း၊ ယခုအခါ၎င်းကားကို ကျောက်ငါးနွားရဲစခန်းသို့ အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းကားနှင့် ဘင်္ဂလီများကို မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအုပ်စု၊ ဒင်္ဂါးရကျေးရွာအနီး ကားလမ်းပေါ်တွင် ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၅ နာရီခန့်က ကျေးရွာသားများက တွေ့ရှိခြင်း ဖြစ်ပြီး ရန်ကုန်သို့ ဦးတည်သွားသော ကားဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမ်းမြို့နယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားသလို ပြည်နယ် အစိုးရ နယ်လုံဝန်ကြီးဆီကိုလည်း အကြောင်းကြားထားလိုက်ပါပြီ။ နယ်လုံဝန်ကြီးကတော့ ပြည်နယ်မှူးရုံးကို ဆက်လက် အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။ ခက်တာက သူတို့တွေက ဘယ်သူတွေလဲ။ တိတိ ကျကျ မသိရတဲ့အတွက် အချိန်မီ လိုက်လံ ဖမ်းဆီးဖို့ လိုအပ်ပါတယ်” ဟု ဦးမြသန်းက ဆက်လက် ပြောဆိုသည်။

ယခုအခါ ကျောက်ငါးနွားရဲစခန်းက ရဲတပ်ဖွဲ့ဝင်များမှာ ကားဖမ်းဆီးရမိရာ နေရာသို့ ရောက်ရှိနေပြီး လိုက်လံ စုံစမ်းမှုများ ပြုလုပ်နေကြောင်း၊ ဒေသခံများကမူ ယခုထွက်ပြေးသွားသော ဘင်္ဂလီများမှာ ရခိုင်ပြည်နယ်မှ တဆင့် ဗမာပြည်ဘက်သို့ ခိုးဝင်ရန် လူမှောင်ခိုသမားများနှင့် အတူ လိုက်ပါလာကြသူများ ဖြစ်ပုံရသည်ဟု ယူဆနေကြကြောင်း သတင်း ရရှိသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
အမည်မသိ ဘင်္ဂလီ ၁၀ ခန့်ကို သယ်ဆောင်လာသည့် ရန်ကုန်မှ ကားတစ်စီး မြေပုံမြို့နယ်တွင် ဖမ်းမိ  အမည်မသိ ဘင်္ဂလီ ၁၀ ခန့်ကို သယ်ဆောင်လာသည့် ရန်ကုန်မှ ကားတစ်စီး မြေပုံမြို့နယ်တွင် ဖမ်းမိ Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.