လမ်းကြားလေးတွင် ချောင်ထိုးခံနေရသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်


အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်

နေပြည်တော် ဇူလိုင် ၂၈

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်ရှိ ပြည်သူများ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ခေတ္တ ညွန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်နှင့် သမ္မတဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးခင်လတ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမကြီး၊ သီရိမင်္ဂလာရိပ်သာလမ်း၊ အမှတ် ၈၅ (က) တွင် ဖွင့်လှစ်ထားရှိသော အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား အများပြည်သူ အလွယ်တကူ သွားလာအသုံးပြုနိုင်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၆၀၄/ ၆၀၈) ကုန်သည်လမ်းရှိ အဆောက် အအုံသို့ ပြောင်းရွှေ့အသုံးပြုခွင့်ပြုလိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းက အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ လမ်းကြားလေးတွင် ချောင်ထိုးခံနေရသဖြင့် အများပြည်သူအသုံးပြုနိုင် အောင် မြို့လယ်သို့ ပြန်ပို့ရန် လိုနေကြောင်း၊ ယခင်က Jubilee Hall , City Hall , (၆) ထပ်ရုံးတွင် ထားစဉ်က လူသုံးများခဲ့ကြောင်း၊ မနှစ်ကလည်း မြို့လယ်ရှိ အဆောက် အအုံဟောင်းတစ်ခုခုကို အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အတွက် သုံးစွဲခွင့်ပေးရန် တင်ပြခဲ့ဘူးသော်လည်း မရရှိခဲ့ကြောင်း၊ ယခု သမ္မတ ဦးထင်ကျော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက် အဆင်ပြေမည့် ရန်ကုန်မြို့လယ်မှ အဆောက်အအုံတစ်ခု စီစဉ် ပေးပါရန် မေတ္တာရပ်ခဲ့ပါကြောင်း မေ ၁၂ ရက်တွင် စာတစ်စောင် ရေးသားပေးပို့ ခဲ့သည်ဟု သိရသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စာအုပ်စာတမ်းပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅၅၈၀ ကျော်၊ ပေပုရပိုက် ၁၂၃၂၃၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထားရှိပြီး ပြည်သူများအား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ အတွက် ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဘားနဒ်အခလွတ် စာကြည့် တိုက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန် ၁ ရက်တွင် နိုင်ငံတော်စာကြည့်တိုက် အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသား စာကြည့်တိုက်ဟု အမည်ပြောင်းလဲခဲ့ပြီး ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံ၊ ရန်ကုန် မြို့တော်ခန်းမ၊ ကမ်းနားလမ်းခြောက်ထပ်ရုံး၊ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်း နှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံများသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့် တိုက် အဆောက်အအုံ ပျက်စီးသွားသဖြင့် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ၊ အမှတ် ၈၅ (က) သီရိမင်္ဂလာရိပ်သာလမ်းရှိရှိ ယခင်သစ်တော ရေးရာဝန်ကြီးဌာနရုံး အဆောက်အအုံဟောင်း နှစ်ခုတွင် ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးတို့ကလည်း အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား ရန်ကုန်မြို့လယ်ရှိ သင့်တော်သည့် အဆောက် အအုံတစ်ခုခုကို အသုံးပြုခွင့်ပြုရေးနှင့် ပတ်သက်၍ မေ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စာရေးသားပေးပို့တင်ပြခဲ့ကြသည်။

အဆိုပါစာတွင် လက်ရှိဖွင့်လှစ်ထားသော စာကြည့်တိုက်အဆောက်အအုံသည် အများပြည်သူ၏ မြင်ကွင်းနှင့် ဝေးသော သီးခြားဝင်းအတွင်းနေရာတွင် ရှိသဖြင့် ပြည်သူများ အလွယ်တကူ လာရောက် ဖတ်ရှုရန် ခက်ခဲသောကြောင့် သုတေသီများမှ လွဲ၍ အများပြည်သူလာရောက်ဖတ်ရှုမှုနည်းကြောင်း၊ ထို့ပြင် ရုံးအဆောက်အဦ ဖွဲ့စည်းမှု ဖြစ်သဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ရှိခြင်း၊ အမျိုးသားစာကြည့်တိုက် ပြယုဂ်နှင့် ကိုက်ညီမှုမရှိခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း။

နိုင်ငံတကာတွင် အမျိုးသားစာကြည့်တိုက်များသည် ပြည်သူလူထု အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့် နေရာများတွင် တည်ရှိကြပြီး နိုင်ငံတော်၏ စာပေအမွေ အနှစ်များကို ထိန်းသိမ်းရာနှင့် အများပြည်သူ သုတေသနပြုနိုင်သော ဂုဏ်ယူစရာ ပြယုဂ်အဖြစ် တည်ရှိလျက်ရှိကြောင်း၊ အများပြည်သူ အလွယ်တကူ သွားလာ အသုံးပြုနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန် မြို့လယ်တွင် ပေါ်ပေါက်လာရန်အတွက် သင့်လျော်မည့် ရန်ကုန်မြို့လယ်ရှိ အဆောက် အအုံတစ်ခုခုကို အသုံးပြုခွင့်နှင့် ပတ်သက်၍ လမ်းညွှန်မှုပြုနိုင်ပါရန် လေးစားစွာ တင်ပြ အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ယခုကဲ့သို့ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက “ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့မယ်လို့လျာထားတဲ့ အဆောက်အဦက နှစ် ၁၀၀ ကျော်ရှိတဲ့ ရှေးဟောင်းအဆောက်အဦ ဖြစ်ပါတယ်။ အများသူတွေ သိသာမြင်သာတဲ့ အဆောက်အဦဖြစ်သလို ၀င်ထွက် သွားလာလွယ်ကူ တဲ့နေရာဖြစ်တဲ့အတွက် အမျိုးသားစာကြည့်တိုက်ဖွင့်ဖို့အတွက် အင်မတန်သင့်တော်တဲ့ နေရာဖြစ်တယ်။ အဲဒါအပြင် အမျိုးသားစာကြည့်တိုက်ဆိုတာ ပြည်သူလူထုအတွက် Capacity Building အထောက်အကူပြုတဲ့ စာအုပ်စာတမ်းတွေ မြောက်မြားစွာရှိတဲ့ ဗဟုသုတဟင်းအိုးကြီးနေရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အတွက် ဂုဏ်ယူ စရာပြယုဂ်တစ်ခုအဖြစ် တည်ရှိသွားမယ့် အဆောက်အဦဖြစ်လို့ ဒီလိုနေရာမျိုးကို ရွှေ့မယ်ဆိုရင် ပြည်သူလူထုအတွက် အများကြီးကောင်းတဲ့နေရာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်ကလည်း “ အရမ်းဝမ်း သာပါတယ်။ အဲဒီလိုဖြစ်စေချင်တာ ကြာပါပြီ။ ဟိုတလောက စာပေဗိမာန်မှာ Library Forum တစ်ခုလုပ်တယ်။ အဲဒီမှာ စာဖတ်သူတစ်ယောက်က ထမေးတယ်။ နေပြည်တော်မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကို ပြန်ရွှေ့ဖို့ရှိပါသလားလို့။ ဆရာကြီး ဦးသော်ကောင်းက မရှိပါဘူး၊ နေပြည်တော်မှာလည်း အမျိုးသားစာကြည့်တိုက်ရှိရပါ မယ်။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကလည်း သီးခြားတစ်ခု ဖြစ်တယ်။ အဲဒါက ရန်ကင်းက ဟိုးနောက်ဘက်လမ်းကြားလေးမှာ ရောက်နေတယ်။ လူမသိတဲ့နေရာရောက်နေတာမို့မြို့ထဲကိုရောက်အောင် ရွှေ့ပါမယ်လို့ ဖြေပါတယ်။ အခု ကျွန်တော်တို့ကြိုးစားတဲ့ဟာလေး အောင်မြင်သွားတော့ ၀မ်းသာပါတယ်။

“ ဒီနေ့မှာ ကျွန်တော်တို့ ဒီမှာ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့် တိုက်မှူးများ ညီလာခံ ပထမအကြိမ် အမှုဆောင်အဖွဲ့အစည်းအဝေးကို စတင်ကျင်းပ နေပါတယ်။ နိုင်ငံ ၁၁ နိုင်ငံက လာတက်ရောက်နေပါတယ်။ ၂၀၁၈ ခုနှစ် ၁၇ ကြိမ် မြောက် ညီလာခံ CONSAL လုပ်ဖို့အတွက် အကြိုညှိနှိုင်းအစည်းအဝေးပေါ့။ ဒီမှာ အမျိုးသားစာကြည့်တိုက်တွေရဲ့ ညွှန်ကြားရေးမှူးတွေ အကုန်လုံးပါတယ်။ နိုင်ငံတွေ အားလုံးရဲ့ အမျိုးသားစာကြည့်တိုက်တွေကတော့ ခန့်ခန့်ညားညားတွေ ချည်းပဲ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကတော့ ကျွန်တော်တို့နဲ့ သိပ်မကွာဘူးပေါ့။ ကျွန်တော်တို့ ၃ နိုင်ငံပေါ့။ သူတို့ကလည်း ကြိုးစားနေပါတယ်တဲ့။ ဖိလစ်ပိုင်ဆိုလည်း သူတို့မှာ ပျက်စီးသွားတဲ့အတွက် ပြန်ပြင်နေတယ်။ အဲဒီတော့ မကြာခင်မှာတော့ အာဆီယံနိုင်ငံ များ အားလုံးရဲ့ အမျိုးသားစာကြည့်တိုက်တွေဟာ ခန့်ခန့်ညားညားမြင်ရမယ်လို့ ပြောချင် ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က “ အခုအဆောက်အအုံက အရင်က စွမ်းအင်ဝန်ကြီးဌာနပိုင် အဆောက်အအုံဖြစ်ပေမယ့် နေပြည်တော်ကို ပြောင်းရွှေ့လာတာကြောင့် နိုင်ငံတော် ကို အပ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာ တဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်တဲ့လုပ်ငန်းတွေ တိုးတက်လာ တယ်။ ပူးပေါင်းလုပ်ကိုင် တဲ့ ကုမ္မဏီတွေများလာလို့ အဲဒီကုမ္မဏီတွေကို တစ်စုတစ်စည်းတည်းထားရှိပြီးတော့ သူတို့ဆီက သတင်းအချက်အလက်တွေ ယူတာ၊ ကွပ်ကဲတာ၊ ဆက်သွယ်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒီအဆောက်အအုံကို ပြန်လည် ရယူထားခဲ့တာပါ။ ဒါပေမယ့် ဘာမှ ပြင်ဆင်ဆောင်ရွက်ရခြင်း မရှိသေးပါဘူး။ အခု အဲဒီမှာ အမျိုးသားစာကြည့် တိုက်(ရန်ကုန်)ကို ပြောင်းရွှေ့နေရာချထားဖို့ လျာထားတယ်လို့ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ လွှဲပြောင်းပေးရမယ့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်။” ဟု ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါက်တာ သန့်မြင့်ဦးက " မြန်မာ့ရေနံ Burma Oil Building (BOC) အဆောက်အအုံဟာ ရန်ကုန်မြို့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံတစ်လုံးဖြစ်ပါတယ်။ ဒီကုမ္ပဏီက တစ်ချိန်က ကမ္ဘာမှာ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံးဖြစ်ခဲ့ပြီး ကုန်သည်လမ်းပေါ်ရှိတဲ့ ဒီအဆောက်အအုံရုံးခန်းများကနေ ကမ္ဘာ့ရေနံလုပ်ငန်းကို စိုးမိုးခဲ့တာလည်းဖြစ်ပါတယ်။
“ ဒီအဆောက်အအုံကို အမျိုးသားစာကြည့်တိုက်အတွက် နေရာသစ်တစ်ခု အနေနဲ့ အသုံးပြုခြင်းဟာ ရန်ကုန်မြို့လယ်ကို ပြုပြင်ဆန်းသစ်ခြင်းမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မြို့နေလူထုနဲ့ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစေမှာလည်းဖြစ်ပါတယ်။ ဒါဟာ သင်ကြားခြင်းနဲ့ တီထွင်ဖန်တီးခြင်း တို့ရဲ့ ဗဟိုအဖြစ် ရန်ကုန်မြို့လယ်ကို ဖော်ဆောင်ရာမှာ အဓိက အပိုင်းတစ်ခု ဖြစ်နေပါလိမ့်မယ်။” ဟု ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က “ ကျွန်မတို့အဖွဲ့အတွက် ဒ်ီသတင်းက အင်မတန် အားရစရာ ကောင်း ပါတယ်။ ဒီလို အစီအစဉ်ဖြစ်ဖို့လည်း အမြဲတမ်း အကြံပြုနေခဲ့ပါတယ်။ ရန်ကုန်မြို့ လယ်ကောင်တစ်ဝိုက်မှာ သမိုင်းအရ၊ ဗိသုကာလက်ရာအရ သိပ်တန်ဖိုးရှိတဲ့ အမွေ အနှစ် အဆောက်အအုံတွေရှိပါတယ်။

“ အစိုးရဌာနကြီးတွေ နေပြည်တော်ပြောင်းသွားပြီးတဲ့နောက် သေသေချာချာ ဆက်လက်အသုံးမပြုဘဲ ကျန်နေတာတွေလည်း အများကြီးပါပဲ။ ကျွန်မတို့အတွက် ဒီအဆောက်အအုံတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ပြင်ပြီး အများပြည်သူအတွက် အသုံးချနိုင်ဖို့ကို အဓိက လိုလားပါတယ်။ အချို့အဆောက်အအုံတွေကိုတော့ စီးပွားရေး အကျိုးအမြတ်အတွက် သုံးနိုင်ပါတယ်။ အများပြည်သူသုံးနဲ့ စီးပွားရေးအကျိုး အမြတ်ကို မျှတစွာ သုံးခြင်းဖြင့် စရိတ်လည်းကျေ၊ လူထုလည်းသုံးရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ်။

“ အထူးသဖြင့် ရန်ကုန်မြို့လယ်မှာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ နေရာတွေ အများအပြားလိုအပ်နေပါသေးတယ်။ မြို့လယ်ကောင်တစ်ဝိုက်ဟာ လူအများ လမ်းလျှောက်သွားလာဖို့ လွယ်ကူတဲ့ နေရာလည်း ဖြစ်ရမှာဖြစ်ပါတယ်။ ပြတိုက်တွေ၊ ပြခန်းတွေ၊ စာကြည့်တိုက်တွေ၊ ရုပ်ရှင်သဘင်ဂီတ ဖြေဖျော်ရေးအတွက် နေရာတွေ၊ စာအုပ်ဆိုင်တွေ၊ စတူဒီယိုတွေနဲ့၊ လူငယ်တွေ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား သွားလာစရာအပြည့်နဲ့ လှုပ်ရှားနေရမှာပါ။ အမွေအနှစ်အဆောက်အအုံတွေဟာ ဒီလိုအသုံးပြုမှုတွေအတွက် အများကြီး သင့်တော်ပါတယ်။ ကားရပ်နားရန်နေရာ အများကြီးမလိုတဲ့ အသုံးပြုမှုမျိုးတွေအတွက် ပိုသင့်လျော် ပါတယ်။

“ အခု ရေနံဓါတုအဆောက်အအုံကြီးက နှစ် ၁၀၀ ကျော်သက်တမ်းရှိပါပြီ။ မူလ က စကော့ကုန်သွယ်ရေးကုမ္ပဏ်ီရဲ့ရုံးအဖြစ် ဆောက်လုပ်ခဲ့ရာက ဘီအိုစီ ကုမ္ပဏီကြီးက ရုံးချုပ်အဖြစ် သုံးခဲ့ပါတယ်။ သူရဲ့ ဘယ်ဘက်ခြမ်းအပိုင်းကို စစ်ပြီးခေတ်မှာ စံပြဆေး ခန်း အဖြစ်သုံးပြီး နောင်ပြည်သူပိုင်သိမ်းပြီးခေတ်မှာ ရေနံဓာတုလုပ်ငန်းရုံးချုပ်ဖြစ်ခဲ့ တာပါ'' ဟု ပြောကြားသည်။

ယခုပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုလိုက်သည့်နေရာသည် ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းပေါ်တွင် တည်ရှိပြီး အနီးပတ်ဝန်းကျင်တွင် မြန်မာ့စီးပွားရေး ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့အာမခံလုပ်ငန်း၊ စတော့အိတ်ချိန်းရုံး၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမတို့တည်ရှိသည့်အတွက် အချက်အခြာကျပြီး စည်ကားသည့်နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ယခုနှစ် ခရီးသွားရာသီအမှီ ဘဏ်လမ်း ၌ ညဈေးတန်းတစ်ခုကို ဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည့်အတွက် ညဘက်များပါ စည်ကားလာမည့် နေရာတစ်ခုဖြစ်သည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
လမ်းကြားလေးတွင် ချောင်ထိုးခံနေရသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်  လမ်းကြားလေးတွင် ချောင်ထိုးခံနေရသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည် Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.