လားရှိုး၌ မိုင်း ၆ လုံးခွဲမည်ဟူသောသတင်းအရ လုံခြုံရေးတိုးမြင့်


(လားရှိုး၊ ဇွန် ၁၅)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုင်းများခွဲသွားမည်ဟု သောင်းကျန်းသူများ၏ သတင်းအပြန်အလှန် ပေးပို့မှုကို သက်ဆိုင်ရာမှ ကြားဖြတ်ဖမ်းယူရရှိခဲ့သည့်အတွက် ဇွန်လ ၁၅ ရက်မှစတင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လားရှိုးမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် မိုင်းရှာဖွေခြင်း၊ မိုင်းအသိ မိုင်းသတိရှိရန် ပညာပေးပြောကြားခြင်း၊ မသင်္ကာဖွယ်ရာလူများကို စောင့်ကြည့်ခြင်းများအား ပြုလုပ်လျှက်ရှိကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


“ရန်သူသတင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့က သူတို့အချင်းချင်း အပြန်အလှန်ပေးပို့နေတာကို ဖမ်းယူရရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်ကနေ ၃ ရက်အတွင်း လားရှိုးမြို့ပေါ်မှာ မိုင်း ၆ လုံးခွဲဖို့ ညွှန်ကြားနေတာကို ကြားသိရပါတယ်။ ဒါကြောင့် လုံခြုံရေးအဆင့်ကို တိုးမြင့်ဆောင်ရွက်ပြီး မြို့ထဲမှာလည်း မိုင်းရှာဖွေခြင်း၊ မိုင်းအသိ မိုင်းသတိရှိအောင် ပညာပေးပြောကြားခြင်း၊ လူစိမ်းအ၀င်အထွက် စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်နေပါတယ်။” ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စည်ပင်သာယာရေးဌာန၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီ တို့နှင့် ပူးပေါင်းကာ အထင်ကရအဆောက်အဦများနှင့် လူစည်ကားရာနေများတွင် မိုင်းရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေလျှက်ရှိပြီး မြို့နေလူထုအနေဖြင့် မသင်္ကာဖွယ်ရာ အထုပ်အပိုးများ၊ လူပုဂ္ဂိုလ်များတွေ့ရှိပါက ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး ဖုန်း (၀၈၂၃၀၃၀၀)သို့ ဆက်သွယ်သတင်းပေးရန် အသိပေးကြေညာထားကြောင်း သိရသည်။

ကိုးတောင်ဝင့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai
လားရှိုး၌ မိုင်း ၆ လုံးခွဲမည်ဟူသောသတင်းအရ လုံခြုံရေးတိုးမြင့်  လားရှိုး၌ မိုင်း ၆ လုံးခွဲမည်ဟူသောသတင်းအရ လုံခြုံရေးတိုးမြင့် Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.