လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူစဉ် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်


နေပြည်တော် ဇွန် ၂၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီး၌ ဇွန် ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က လူ ၈ ဦး၏ အနှောက်အယှက်ခံရသူ ၄ ဦးမှ ဗလမင်းထင်တံတား လုံခြုံရေးဂိတ် (စီတာပူ)ဘက်ခြမ်းသို့ ရောက်ရှိလာကာ လုံခြုံရေးယူထားသည့် နယ်မြေခံတပ်အား အကူအညီ တောင်းခံခဲ့ခြင်းအပေါ် လိုက်ပါပို့ဆောင်ပေးသည့် စစ်သည် ၂ ဦးအား သေနတ်လုယူခဲ့စဉ် ကျည်ပေါက်ထွက်ပြီး မောင်ဂွမ်ဆိုင်းအောင် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ နေ့လည်ပိုင်းတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့အစည်းအဝေးခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးကြီးထွန်းဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားကာ စစ်သည်များအား ၀ိုင်းဝန်းထိုးကြိတ်ပြီး လက်နက်လုယူရာတွင် ပါဝင်ခဲ့သည့် ထွက်ပြေးသွားသော လူငယ် ၇ ဦးအား ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်၊ ဖြစ်စဉ်တွင်ပါဝင်သည့် စစ်သည် ၂ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေ၊ ဖြစ်စဉ်အမှန်အား သိရှိပြီး မလိုလား အပ်သော ပြဿနာများ မဖြစ်ပွားစေရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် သတင်းဌာနများ၏ မေးမြန်းမှုများကို တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး နှင့် အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာနှင့် အဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ဦးထွန်း အောင်ကျော်နှင့် အဖွဲ့ဝင်များ၊ သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်၏ မိသားစုဝင်များ၊ သတင်းဌာနအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူစဉ် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်  လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူစဉ် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ် Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.