မျှော်လင့်လိုက်ပါ


ဒီနေ့မနက် စိတ်ထဲအထိခိုက်ဆုံး သတင်းဓာတ်ပုံကတော့ ဒေါ်အောင်ဆန်းစုကြည် ရမည်းသင်း အမျိုးသမီး အမှတ် (၁) ရဲသင်တန်းကျောင်းကို သွားရောက်လေ့လာတဲ့ပုံတွေပဲဗျ။ အိပ်ဆောင်တွေကလည်း သစ်သား တန်းလျား၊ ဝန်ထမ်းအိမ်တွေကလည်း ယိုင်တိုင်တိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေမခိုင်တဲ့ လှေကား ကနေဆင်းဖို့ အားယူနေတဲ့ပုံဟာ စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရပါတယ်။


သူတို့ရဲကျောင်းကို ဝန်ကြီးအဆင့်တောင် တစ်ကြိမ်မှ မလာဘူးဆိုတာလည်း ခုမှသိရတယ်။ အဲဒီလိုနေရာကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် သွားကြည့်ရသလဲ။

အစိုးရသစ်လက်ထက်မှာ ရဲတွေ ပုံစံပြောင်းလာတာတော့အမှန်ပဲဗျ။ ယခင်အစိုးရလက်ထက်က အကျင့်တွေ ပုံစံတွေကို ပြုပြင်ပြောင်းလဲဖို့ သူတို့ကြိုးစားလာတာလည်းတွေ့ရတယ်။ ပျက်အစဉ်ပြင်ခဏဆိုတာ အမှန်ပဲ။ ခေတ်အဆက်ဆက် ပျက်နေတာတွေကို မပြင်ဘဲနေခဲ့ရာကနေ အစိုးရသစ်လက်ထက်မှာ ပြည်သူ့ရဲစစ်စစ် ဖြစ်လာအောင် ကြိုးစားတဲ့ ပုံရိပ်တွေကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုတယ်ဆိုတာ ထင်ရှားပါသဗျ။

ဒါကြောင့်လည်း နိုင်ငံ့အကြီးအကဲတစ်ယောက်အနေနဲ့ ခေတ်အဆက်ဆက် ပစ်ထားခဲ့တဲ့ သူတွေကို လက်တွဲခေါ် ဖို့ ကြိုးစားအားထုတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ကူးနဲ့ အမြော်အမြင်ကို မချီးကျူးဘဲ မနေနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ရဲသင်တန်းကျောင်းမှာ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ စကားမဟုတ်ပါဘူး။ ကဏ္ဍစုံ နေရာစုံ ဌာနစုံ စဉ်းစားသင့်တဲ့စကားပါ။

“လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ ရဲတွေကို မွေးထုတ်ပေးတဲ့ နေရာမှာ ပြဿနာရှိနိုင်ပါတယ်”

ဟုတ်ပါတယ်။ အဲဒီစကားကို ချဲ့ကားကြည့်ပါ။

“လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ ဆရာတွေကို မွေးထုတ်ပေးတဲ့ နေရာမှာ ပြဿနာရှိနိုင်ပါတယ်”

“လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ ဝန်ထမ်းတွေကို မွေးထုတ်ပေးတဲ့ နေရာမှာ ပြဿနာရှိနိုင်ပါတယ်”

အားလုံးမှာ လိုအပ်ချက်တွေ ရှိနေတာပါပဲ။ နေစရာအိမ်မရှိတဲ့နေရာမှာ အိမ်ဆောက်မပေးဘဲ၊ အခွင့်ထူးခံ လူတန်းစားတွေက ကိုယ့်သားသမီးမြေးတွေအတွက် တိုက်တွေဆောက်နေလို့ တိုင်းပြည်က ဆင်းရဲခဲ့ရတယ်။

စားစရာမရှိတဲ့ အောက်ခြေဝန်ထမ်းတွေကို ဆန်တစ်ပြည်လောက် မထောက်ပံ့ဘဲ၊ အီတလီသွားပြီး ဘောလုံးပွဲ ကြည့်နိုင်အောင် ခိုးထားကြလို့ တိုင်းပြည်က မွဲခဲ့ရတယ်။

ခုတော့ ကျွန်တော်တို့အတွက် လိုအပ်ချက်တွေကိုနဲ့ မျှော်လင့် ချက်တွေကို ဖြည့်ပေးနိုင်မယ့် ခေါင်းဆောင်ရှိလာပြီ ဖြစ်တဲ့အတွက် ပြည်သူတွေအားလုံး၊ ဝန်ထမ်းတွေအားလုံး မျှော်လင့်လိုက်ကြရအောင်လား။

၉.၆.၂၀၁၆

Tin Nyunt
မျှော်လင့်လိုက်ပါ  မျှော်လင့်လိုက်ပါ Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.