ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအများစုနဲ့ စကားပြောခွင့် မရ



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ ထလေထိုင်းမှာ ဒီကနေ့ စက်ရုံတစ်ချို့က စီစဉ်တဲ့ အလုပ်သမားအနည်းငယ်နဲ့သာ တွေ့ခွင့်ရခဲ့ပြီး မိုးရွာထဲမှာ စောင့်နေခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစု နဲ့ စကားပြောခွင့် မရခဲ့ပါဘူး။


ဒေါ်အောင်ဆန်းစုကြည်ဟာ ထလေထိုင်းကို ညနေ ၄ နာရီခွဲလောက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး သောင်းဂဏန်းလောက်ရှိမယ့် အလုပ်သမားတွေက လုံခြုံရေးအတားအဆီးတွေကို ဖယ်ရှားပြီး ခန်းမအပြင် မိုးရွာထဲမှာ စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်။


အလုပ်သမားအများစုဟာ မနက်ကတည်းက တွေ့ခွင့်ရဖို့ စောင့်မျှော်ခဲ့ကြတာ ဖြစ်ပြီး အများစုက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးရာမှာ မဟာချိုင်မှာပဲတိုးခွင့်ရရေး ၊ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အလုပ်သမားဥပဒေတွေကို ထိုင်း အလုပ်ရှင်တွေက လိုက်နာရေး စတဲ့ ကိစ္စတွေကို တင်ပြမယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက အလုပ်သမား ၅၀၀ နဲ့ တွေ့မယ်လို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စကိုလည်း အများစုက လက်မခံကြပါဘူး။ အဲဒီ ၅၀၀ဟာ အလုပ်ရှင်တွေက ရွေးချယ်စေလွှတ်သူတွေသာ ဖြစ်တယ်လို့ ၀င်ခွင့်မရတဲ့အလုပ်သမားတွေက ပြောပါတယ်။


မိုးသည်းလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းစံတော်ချိန် ညနေ ၅ နာရီလောက်မှာ လုံခြုံရေး အထူးကြပ်မတ်စွာနဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအများစုနဲ့ စကားပြောခွင့် မရ  ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအများစုနဲ့ စကားပြောခွင့် မရ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.