ကချင်ပြည်နယ် ဖားကန့်တွင် ကျောက်ကြောမြေပြိုကျမှုဖြစ်ပွား၊ ၁ဝ ဦးဒဏ်ရာရရှိ၊ နှစ်ဦးပျောက်ဆုံး


ဖားကန့် ဇွန် ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ အနီးရှိ ကျောက်စိမ်း လုပ်ကွက်တစ်ခုအတွင်း ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျောက်ကြော ကမ်းပါးပြိုကျမှုဖြစ်ပွားရာ ၁ဝ ဦးဒဏ်ရာ ရရှိပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အတည်ပြုချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ၏ အရှေ့ မြောက် ဘက် သုံးဖာလုံခန့်အကွာ လုပ်ငန်းရပ်နား ထား သည့် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်တွင် အမြင့်ပေ ၂ဝဝ ၊ အလျားပေ ၃ဝ ရှိ ကျောက်ကြောကမ်းပါးယံ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊

အဆိုပါပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသော ဦးတူးအောင် (၃၆ နှစ်) တောင်းကော့ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်၊ ဦးဇော်တူး (၄၆ နှစ်) တောင်းကော့ကျေးရွာ ရပ်ကွက် (၂) ဆိပ်မူအုပ်စု ဖားကန့်မြို့ နယ်၊ နော်ဆန်း (၁၈ နှစ်) တောင်းကော့ကျေးရွာ ရပ်ကွက် (၂) ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်၊ တင်မျိုးအောင် (၁၆ နှစ်) မော်ကလင်ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်၊ ဦးအောင်မျိုးဝင်း (၃၆ နှစ်) မော်လကင်ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်၊ နေလင်းဌေး(၂၂ နှစ်) မော်လကင်ကျေးရွာ ဆိပ်မူကျေးရွာအုပ်စု ဖားကန့်မြို့နယ်၊ ဦးစောမောင် (၃၇ နှစ်) တောင်းကော့ကျေးရွာ၊ ဇော်ဝင်းမောင် (၂၅ နှစ်) တောင်းကော့ကျေးရွာ၊ လဒွဲ (၃ဝ နှစ်) နမ့်မှော်ကျေးရွာ၊ ဦးထွန်းအေး (၃၅ နှစ်) တောင်းကော့ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်နေသူတို့မှာ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိကြပြီး ဝင်းနိုင်(ခ)ဌေးဝင်း (၂၃ နှစ်) ရပ်ကွက်(၅) ဆိုင်းအောင် ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်နှင့် ကိုမင်းမင်း(၂၆ နှစ်) ရပ်ကွက်(၁) တောင်းကော့ကျေးရွာ ဆိပ်မူအုပ်စု ဖားကန့်မြို့နယ်တို့ နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

''မြေပြိုကျတဲ့နေရာမှာ ဆက်လက်ပြိုကျနိုင်တဲ့ အခြေအနေရှိတဲ့အတွက် ပျောက်ဆုံးနေတဲ့သူနှစ်ဦးကို ဆက်ပြီး မရှာဖွေနိုင်သေးပါဘူး'' ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်က ပြောသည်။
ဒဏ်ရာရရှိသူများကို ဆိပ်မူကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ နမ့်မှော်ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့၊ နယ်မြေခံတပ်ဖွဲ့မှာ တပ်မတော်သားများ၊ လူမှုကူညီရေးအဖွဲ့များက ချောက် အတွင်းမှ ဝိုင်းဝန်းကယ်ဆယ်ပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၌ ပြီးခဲ့သည့် မေလအတွင်းက ဆိပ်မူကျေးရွာ အုပ်စု အတွင်း ကျောက်ကြောကမ်းပါးယံပြိုကျမှုကြောင့် လူ ၁၃ ဦး၊ ဝှေခါမှော် သစ်ကုန်းကျေးရွာ အနီးရှိ လုပ်ကွက်တစ်ခု၌ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တင်မောင်လွင်(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကချင်ပြည်နယ် ဖားကန့်တွင် ကျောက်ကြောမြေပြိုကျမှုဖြစ်ပွား၊ ၁ဝ ဦးဒဏ်ရာရရှိ၊ နှစ်ဦးပျောက်ဆုံး  ကချင်ပြည်နယ် ဖားကန့်တွင် ကျောက်ကြောမြေပြိုကျမှုဖြစ်ပွား၊ ၁ဝ ဦးဒဏ်ရာရရှိ၊ နှစ်ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.