အလွန်၊ အဆောင်း ဓါးပြအဖွဲ့ ရေးမြို့တွင်လက်နက်ချ

 မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသများတွင် လှုပ်ရှားခဲ့သည့် အလွန်၊ အဆောင်း ခေါင်းဆောင်သောဓါးပြအဖွဲ့ဝင် ၂၀ ဦးတို့သည် ဇွန်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေးမြို့အခြေစိုက် တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ ၌ လက်နက်ချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။
အလွန်၊ အဆောင်း ဓါးပြအဖွဲ့လက်နက်ချပွဲ(MNA)
အဆိုပါ ‘နိုင်ငံတော်သို့ အပြီးပိုင်လက်နက်အပ်နှံ အလင်းဝင်ပွဲနှင့် ပြည်သူလူထုအား ဝန်ချ တောင်းပန်ပွဲ အခမ်းအနားသို့ ရေးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ အထင်ကရဆရာတော်များ၊ စစ်ဘက်အရပ်ဘက် အစိုးရဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က “ကျနော်တို့က ဒီကိစ္စ ပွင့်ပွင့်လင်းလင်း ရှိသင့်တယ်ဆိုရင်တော့ တပ်ထဲမှာ အကျဉ်းရုံမလုပ်ဘဲနဲ့ အပြင်မှာ ပြည်သူတွေ အားလုံး တက်ရောက်တာမျိုး လုပ်စေချင်တယ်။ ဒါပေမဲ့ အခုလို အလင်းဝင်လာတာကိုတော့ ကြိုဆိုပါတယ်” ဟု ဆိုသည်။
အလွန်၊ အဆောင်း ဓါးပြအဖွဲ့လက်နက်ချပွဲ(MNA)
အဆိုပါ အဖွဲ့သည် ယခုအလင်းမဝင်ကာလအတွင်း အချို့ကျေးရွာပြင်၌ လုံခြည်ခင်းပြီး ငွေကောက်ခံခဲ့ကြောင်း၊ ရွာသားတစ်ဦးကို ငွေကျပ်၂-၃ သောင်းအထိ ကောက်ခံလေ့ရှိပြီး တခါတရံ ရွာသား ၁၀ ဦးကို ခေါ်ဆောင် သွားပြီး ငွေတောင်းခံသည့်ဖြစ်စဉ်များ ရှိသည်ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ဥက္ကဌ ဦးမြသန်းက “အလွန်တို့ အဆောင်းတို့ အဖွဲ့ဆိုတာက နှစ်ပေါင်း မြောက်များစွာ ပြည်သူလူထုကိုညှင်ပန်းနှိပ်စပ်တဲ့ သဘောဆောင်နေတာပေါ့။ ဆက်ကြေးကောက်တယ်၊ ဓါးပြ တိုက်တယ်၊ မထင်ရင် မထင်သလို လူသတ်တဲ့ထိရှိတယ်။ ဒီလိုအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတယ်ဆိုတာ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီလိုပဲ နှိပ်စက်ပြီးရင် ပြည်သူတွေကို ဝန်ချတောင်းပန်မယ်ဆိုရင် နောက်အဖွဲ့ တွေလည်း နောက်တဖွဲ့ပြီးတဖွဲ့ ထပ်ပေါ်လာမယ်ကို စိုးရိမ်မိတယ်” ဟု ဆိုသည်။

ယင်းသို့ ဓါးပြအဖွဲ့တစ်ဖွဲ့လျှော့သွားခြင်းအားဖြင့် ဒေသခံများအနေဖြင့် ဆက်ကြေးကောက် ဓါးမြတိုက်ခြင်းအန္တရာယ်မှ ခေတ္တခဏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသလိုခံစားမိကြောင်း၊ အဖွဲ့တစ်ဖွဲ့အလင်းဝင်ပြီး နောက်တဖွဲ့ ထပ်ပေါ်လေ့ရှိကြောင်း၊ ၎င်းအဖွဲ့မှကျူးလွန်ခဲ့သော ပြစ်မှုများကို ကာယကံရှင်များ ကျေနပ်မှုမရှိပါက အရေးယူနိုင်ရန် တရားဆွဲဆိုပိုင်ခွင့် ပေးရန်လိုအပ်ကြောင်း ဦးမြသန်း က ဆက်ပြောသည်။

အလွန်၊ အဆောင်း အဖွဲ့သည် M-16 အတိုတစ်လက်၊ M-16 အရှည် ၂ လက်၊ AK-47 ၁ လက်၊ AK-47 ခေါက်ဒင် ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၂ လက်၊ တစ်လုံးထိုး ပစ္စတို ၁ လက်၊ လက်နက်ငယ် ၁၀ လက်၊ လက်နက်ငယ် ကျည်မျိုးစုံ ၂၄၃ တောင့်၊ ကျည်ကဒ် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ လမ်းလျှောက် စကား ပြောစက် ၂ လုံး အပ်နှံခဲ့သည်ဟု သိရသည်။

အလားတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ကြားတွင် လှုပ်ရှားခဲ့သော ဓါးပြခေါင်းဆောင် မွန်ချမ်းဦးဆောင်သည့် အဖွဲ့ဝင် ၁၈ ဦးသည်လည်း လက်နက်အပြည့်အစုံဖြင့် မေလ ၆ ရက်နေ့တွင် တနသာင်္ရီတိုင်းဒေသကြီးရှိ တပ်မတော်တပ်ရင်း ခလရ (၂၈၀) ထံ လက်နက်အပ်နှံချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။

တဖက်တွင်လည်း အဆိုပါ ဒေသများတွင်လှုပ်ရှားခဲ့သော ဓါးပြအုပ်စုများအနက် ဓါးပြခေါင်းဆောင် ချမ်းဒိန်းအား မွန်ပြည်သစ်ပါတီတပ်ဖွဲ့များက ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခဲ့ပြီး ထွက်ပြေးရန်ကြိုးစားစဉ် အသေပစ်သတ်နိုင်ခဲ့သဖြင့် ယခုအခါ နာမည်ကြီးဓါးပြအဖွဲ့မရှိတော့ကြောင်း ဒေသခံများ သုံသပ်ပြောဆိုနေကြသည်။

ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org
အလွန်၊ အဆောင်း ဓါးပြအဖွဲ့ ရေးမြို့တွင်လက်နက်ချ  အလွန်၊ အဆောင်း ဓါးပြအဖွဲ့ ရေးမြို့တွင်လက်နက်ချ Reviewed by THITHTOOLWIN on 07:00 Rating: 5
Powered by Blogger.