ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပျက်အောင် တားဆီးခဲ့သည့် ဟင်္သာတမြို့နယ် ထွေ/အုပ် ဒုဦးစီးမှူးကို စစ်ဆေး အရေးယူမည်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲအား တားမြစ်ခဲ့သည့် ဟင်္သာတ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကို စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မွေးနေ့ပွဲ ကျင်းပခဲ့ပြီး အဆိုပါပွဲကို ခွင့်ပြုချက်မယူဘဲ ကျင်းပသည်ဟုဆိုကာ ဟင်္သာတ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သူဖြိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူး အား ခေါ်ယူခိုင်းခဲ့သဖြင့် ပွဲပျက်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်ဆိုတာ သိရက်နဲ့လုပ်တာဆိုတော့ အရေးယူဖို့ဆုံးဖြတ်လိုက်တာပါ။ သူ့ကို ၀န်ထမ်း စည်းမျဉ်းစည်းကမ်း နဲ့အညီဌာနတွင်း အဖွဲ့ဖွဲ့ပြီး စစ်မယ်။ အပြစ် အတိမ်အနက်ကိုကြည့်ပြီး ရက်ပိုင်းအတွင်း အရေးယူသွားမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ထိုကိစ္စအတွက် တာဝန်ရှိသည့် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လည်း ခေါ်ယူသတိပေးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ
့မှ သိရသည်။

“သူကဒီလိုပြောတော့ စားသောက်နေသူတွေက လန့်ဖျပ်ပြီးပြန်ပြေးတယ်။ ရပ်ကွက်ထဲမှာဆိုတော့ တစ်ဆင့် စကား တစ်ဆင့်နားနဲ့ ကျွန်တော့်ရဲ့ပွဲမှာ လူမရှိဘဲနဲ့ ဟင်းတွေထမင်းတွေ ပိုနေပါတယ်” ဟု ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ပြောသည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့် မွေးနေ့အဖြစ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင် အစရှိသည့် မြို့ကြီးများတွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းများ၊ သစ်ပင်စိုက်ခြင်းများ၊ စတုဒီသာကျွေးပွဲများ ၊ပျော်ပွဲရွှင်ပွဲများ ပြုလုပ်
ခဲ့ရာတွင် တားဆီးမှုတစ်စုံ တစ်ရာ မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပျက်အောင် တားဆီးခဲ့သည့် ဟင်္သာတမြို့နယ် ထွေ/အုပ် ဒုဦးစီးမှူးကို စစ်ဆေး အရေးယူမည်  ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပျက်အောင် တားဆီးခဲ့သည့် ဟင်္သာတမြို့နယ် ထွေ/အုပ် ဒုဦးစီးမှူးကို စစ်ဆေး အရေးယူမည် Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.