ဒေါ်အောင်ဆန်းစုကြည် ဇွန်လအတွင်း ထိုင်းနိုင်ငံသွားမည်

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို သွားအပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို လာရောက်မယ့်အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ထိုင်းအရာ ရှိတွေကို အတည်ပြု ပြောကြားခဲ့တာကို ထိုင်းနိုင်ငံထုတ် သတင်းမီဒီယာတွေ မှာ ရေးသား ဖော်ပြကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို သွားမယ် ဆိုတဲ့သတင်းကို နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကလည်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ခရီးစဉ်အတွင်း ဘယ်လိုကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမယ်ဆိုတာကတော့ အခုချိန်မှာ အတည်ပြု ပြောဆိုလို့ မရသေးကြောင်းလည်း ဦးဇော်ဌေးက ပြောပါ တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ရဲ့ဖိတ်ကြားချက်နဲ့ မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါ တယ်။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha ရဲ့ အထူးကိုယ်စားလှယ် လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai အခုလ အစော ပိုင်းက မြန်မာနိုင်ငံကို လာရောက်စဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းက World Economic Forum ကမ္ဘာ့ စီးပွားရေးညီလာခံတက်ဖို့အတွက် သွားခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄ နှစ်နီးပါးအတွင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို ထိုင်းနိုင်ငံ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/
ဒေါ်အောင်ဆန်းစုကြည် ဇွန်လအတွင်း ထိုင်းနိုင်ငံသွားမည်  ဒေါ်အောင်ဆန်းစုကြည် ဇွန်လအတွင်း ထိုင်းနိုင်ငံသွားမည် Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.