အောင်မင်္ဂလာရပ်ကွက် မွတ်စလင်ဦးရေ လျော့နည်း သွားကြောင်း တွေ့ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင် လူဦးရေစာရင်းကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ မေလ ၂၂ ရက်နေ့က လိုက်လံကောက်ခံနေစဉ် ။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်း ၀င်ထွက်သွားလာသူတွေကို  ရဲတပ်ဖွဲ့က စောင့်ကြည့်သွားမယ်လို့ စစ်တွေမြို့ အမှတ်(၁၂) လုံခြုံရေး တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးစိုးမြင့်အောင် က ဒီနေ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင် လူဦးရေ အရေအတွက် ကောက်ယူ တာနဲ့ပတ်သက်ပြီး စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှာ ကျင်းပတဲ့ လူဦးရေစာရင်း စီစစ်ရေးကော်မတီ အစည်းအဝေးမှာ ဒုရဲမှူး စိုးမြင့်အောင်က ပြောတာဖြစ်ပါတယ်။

အဲဒီရပ်ကွက်မှာ မွတ်ဆလင်လူဦးရေများလာတာကြောင့် မြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်တွေမြို့ဒေသခံတွေက အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာကြောင့် လူဦးရေစီစစ်မှုတွေကို ပြည်နယ်အစိုးရက လူဦးရေစာရင်း စီစစ်ရေးကော်မတီ ဖွဲ့စည်းပြီး မေလ ၂၁ နဲ့ ၂၂ ရက်နေ့တွေက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေမဖြစ်ခင်ကာလက လ.ဝ.က စာရင်းတွေအရ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ မွတ်စလင်လူဦးရေဟာ ၄၃၀၀ ကျော်ရှိခဲ့ရာကနေ အခု ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်တွေအရ လက်ရှိမှာလူပေါင်း ၃၉၀၀ ကျော် သာ နေထိုင်တာကိုတွေ့ရှိရတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က အစည်းအဝေး မှာ ပြောပါတယ်။

အခုလို အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်သူဦးရေ လျော့နည်းသွားတာဟာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတဲ့ စစ်တွေမြို့အပြင်ဖက်မှာရှိတဲ့ သက္ကယ်ပြင်၊ ဒါးပိုင် မွတ်စလင်ကျေးရွာတွေဘက်ကို သွားရောက်နေထိုင်တာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေစာရင်းကောက်ယူမှုနောက်ဆုံးရလာဒ်ကို ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီ က ဆွေးနွေးခဲ့ကြတာဖြစ်ပြီး လူဦးရေစာရင်းစီစစ်မှု ရလာဒ်တွေကို ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေလက်က လက်ခံခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
အောင်မင်္ဂလာရပ်ကွက် မွတ်စလင်ဦးရေ လျော့နည်း သွားကြောင်း တွေ့ရှိ  အောင်မင်္ဂလာရပ်ကွက် မွတ်စလင်ဦးရေ လျော့နည်း သွားကြောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.