ငါးပါးသီလစောင့်တည်ပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်ချုပ်မှ တပ်မတော်သားမိသားစုများအား ပြောဆို


မြန်မာနိုင်ငံတွင် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် အနည်းဆုံးငါးပါးသီလကို ထိန်းသိမ်းပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၃ ရက်တွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဗုဒ္ဓ၏အဆုံးအမတွင် ငါးပါးသီလ တရားရှိကြောင်း၊ တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ရှိကြကြောင်း ထို့အတူ လူတိုင်းတွင် သစ္စာထားကြသကဲ့သို့ မိမိတို့သည် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ ''သစ္စာ'' ရှိကြရမည်ဖြစ်ပြီး၊ နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်လုံးကို စောင့်ထိန်းနိုင်ပါက ပိုမိုခိုင်မာ ကောင်းမွန်ကြောင်း၊ စစ်မှုထမ်းများ သာမက ကောင်းမွန်စွာ စစ်မှုထမ်းဆောင်ပြီး အငြိမ်းစားယူသွားသည့် စစ်မှုထမ်းဟောင်းများကိုပါ စောင့်ထိန်း လိုက်နာစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော်လည်း ၄င်းအနေဖြင့် အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိမှတ်ပြုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟု ယနေ့ မေလ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ထို့အတူ လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတချို့သည် တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည်ဟုလည်း ထည့်သွင်းပြောဆိုကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
ငါးပါးသီလစောင့်တည်ပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်ချုပ်မှ တပ်မတော်သားမိသားစုများအား ပြောဆို ငါးပါးသီလစောင့်တည်ပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်ချုပ်မှ တပ်မတော်သားမိသားစုများအား ပြောဆို Reviewed by THITHTOOLWIN on 14:32 Rating: 5
Powered by Blogger.