ငြိမ်းစုစီကို ပြင်ဆင်တဲ့ မူကြမ်းတင်သွင်း

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို တွေ့ရစဉ်)
ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘဲ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒီဥပဒေကို ပြင်ဆင်ပြဌာန်းနိုင်ဖို့အတွက် အခုလိုတင်သွင်းရတာဖြစ်တယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက လွှတ်တော်မှာ အခုလို တင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားအတော်များများဟာ အဲ့ဒီဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဉ်းကျခံခဲ့ကြရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဥပဒေများကို မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခြင်း၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည်လို့ ပြဌာန်းထားပါတယ်။

လတ်တလောကျင့်သုံးနေတဲ့ ငြိမ်းစုစီဥပဒေ အခန်း (၃) မှာ မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်ရရှိဖို့ သက်ဆိုင်ရာ မြို့နယ်ရဲ စခန်းတွေမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက် တောင်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေကြမ်းကို နောက်ဆက်လက်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ငြိမ်းစုစီကို ပြင်ဆင်တဲ့ မူကြမ်းတင်သွင်း  ငြိမ်းစုစီကို ပြင်ဆင်တဲ့ မူကြမ်းတင်သွင်း Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.