Panama Papers ကြောင့် တရုတ်အဂတိ တိုက်ဖျက်ရေး သံသယဖြစ်

Panama Papers ကြောင့် တရုတ် သမ္မတကို ထိခိုက်နစ်နာစရာ မရှိဘူးလို့ သုံးသပ် (Credit: Reuters)
Panama ​Papers ​မှာ ​တရုတ်ကွန်မြူနစ် ​ပါတီက ​ထိပ်တန်း ​အကြီးအကဲ ​သုံးယောက်နဲ့ ​ဆက်စပ်တဲ့ ​လူတွေပါဝင်နေတာကြောင့် ​ကွန်မြူနစ် ​ပါတီရဲ့ ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​အစီအစဉ်ကို ​သံသယဖြစ်နေကြပါတယ်။

Panama ​Papers ​မှာ ​ပေါက်ကြားချက်အရ ​တရုတ်သမ္မတ ​ရှီကျင်ပင်းရဲ့ ​ယောက်ဖဟာ ​ပြည်ပမှာ ​ကုမ္ပဏီ ​သုံးခုရှိတဲ့အကြောင်းတွေ၊ ​တရုတ်နိုင်ငံက ​ထိပ်တန်း ​အရာရှိ ​Liu ​Yunshan ​ရဲ့ ​သားမက်နဲ့ ​နောက်အရာရှိ ​တစ်ယောက်ဖြစ်တဲ့ ​Zhang ​Gaoli ​ရဲ့ ​ချွေးမဟာလည်း ​ပြည်ပမှာ ​ကုမ္ပဏီတွေ ​ရှိတဲ့အကြောင်းကို ​သိရှိကြရတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​တရုတ်နိုင်ငံ ​ထိပ်သီးခေါင်းဆောင်ဟောင်း ​၅ ​ဦးရဲ့ ​ဆွေမျိုးတွေဟာလည်း ​Mossack ​Fonseca ​ရဲ့ ​ဝန်ဆောင်မှုကို ​အသုံးပြုပြီး ​အခွန်ရှောင်တဲ့အနေနဲ့ ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံကြတယ်လို့ ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီအထဲမှာ ​တရုတ်နိုင်ငံ ​သူရဲကောင်းလို့ ​ဆိုနိုင်တဲ့ ​မော်စီတုန်းရဲ့ ​မြေးမလေးတစ်ယောက်ရဲ့ ​ခင်ပွန်းသည်ဟာလည်း ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံတဲ့ ​အထဲမှာ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အားလုံးက ​အခွန်ရှောင်ဖို့ ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံကြသလား ​ဆိုတာတော့ ​မသိရသေးပါဘူး။

သမ္မတ ​ရှီကျင်ပင်းဟာ ​ရာထူးရရှိလာပြီးနောက် ​အစိုးရ ​အရာရှိ ​အယောက်ပေါင်း ​သုံးသောင်းကို ​အဂတိလိုက်စားမှု ​လုပ်တယ်ဆိုပြီး ​အပြစ်ပေးခဲ့သလို ​အများအပြားကိုလည်း ​စုံစမ်း ​စစ်ဆေးနေဆဲ ​ဖြစ်ပါတယ်။

အဂတိလိုက်စားမှုကို ​တိုက်ဖျက်နေပေမယ့် ​တဘက်မှာတော့ ​ဆွေမျိုးတွေက ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံနေကြတဲ့အတွက် ​တရုတ် ​အစိုးရရဲ့ ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​အစီအစဉ်အပေါ် ​သံသယ ​ဖြစ်နေကြပါတယ်။

အဂတိလိုက်စားမှုမှာ ​ထိပ်သီးခေါင်းဆောင်တွေနဲ့ ​ဆက်စပ်တဲ့ ​အနေအထား ​ရှိလာတာကြောင့် ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​အခြေအနေ ​ပြောင်းနိုင်သလို ​ရပ်တန့်သွားနိုင်တယ်လို့ ​ကျွမ်းကျင်သူတွေက ​သုံးသပ်ထားပါတယ်။

ငါ့ကို ​လာမထိရင် ​ငါလည်း ​ဘာမှ ​မလုပ်ဘူး ​ဆိုတဲ့ ​နားလည်မှုနဲ့ပဲ ​ဒီကိစ္စကို ​မသိသလို ​ထားလိုက်ကြတာမျိုးလည်း ​ဖြစ်နိုင်တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​တချို့ ​ပညာရှင်တွေကလည်း ​သမ္မတ ​ရှီကျင်ပင်းရဲ့ ​ဆွေမျိုးတွေ ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံထားတယ်ဆိုတာကို ​လူတိုင်းက ​အရင်ကတည်းက ​သိရှိထားပြီ ​ဖြစ်သလို ​သမ္မတကိုယ်တိုင်ကတောင် ​အဲလို ​မလုပ်ဖို့ ​သူ့မိသားစုဝင်တွေကို ​တားမြစ်ဖူးတဲ့အတွက် ​သမ္မတ ​ရှီကျင်ပင်းကို ​နစ်နာစရာ ​မရှိဘူးလို့ ​သုံးသပ်ထားပါတယ်။

ဒါပေမဲ့ ​Panama ​Papers ​အကြောင်း ​ပြည်သူတွေ ​မသိအောင် ​အစိုးရက ​အွန်လိုင်းပေါ်မှာ ​လိုက်ပြီး ​ဆင်ဆာဖြတ်တာတွေ၊ ​ပိတ်ပင် ​တားမြစ်မှုတွေ ​လုပ်နေတယ်လို့ ​ဆိုပါတယ်။

Panama ​Papers ​ပေါက်ကြားမှုနဲ့ ​ပတ်သက်ပြီး ​တရုတ် ​အစိုးရကလည်း ​ဘာတုန့်ပြန်မှုမှ ​မလုပ်သေးပါဘူး။

By China correspondent Bill Birtles
ABC Radio Australia
http://www.radioaustralia.net.au/burmese
Panama Papers ကြောင့် တရုတ်အဂတိ တိုက်ဖျက်ရေး သံသယဖြစ် Panama Papers ကြောင့် တရုတ်အဂတိ တိုက်ဖျက်ရေး သံသယဖြစ် Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.