ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ကျမ်းသစ္စာကျိန်ဆို



စစ်တွေ၊ ဧပြီ ၎

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးသည် ယနေ့ ဧပြီလ ၄ ရက်နေ့တွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အဖွဲ့ဝင် ၀န်ကြီးများ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည်။

၎င်းဝန်ကြီး နှစ်ဦးမှာ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးပုန်ဘွယ်တို့ ဖြစ်ကြသည်။

စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ယခုလို ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြခြင်းဖြစ်သည်။

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာသူ ဦးပုန်ဘွယ်က လွှတ်တော်အပြီး နိရဉ္စရာ၏မေးမြန်းရာ သူက “ကျနော့်အနေနဲ့ ကျနော်တို့ ချင်းလူမျိုးတွေအတွက် အဓိကတော့ စာပေနဲ့ယဉ်ကျေးမှုကိစ္စတွေကို ပိုပြီး ဆောင်ရွက် ပေးသွားမယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ ကိုလည်း တင်ပြတောင်းဆိုသွားမယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာကတော့ အများအားဖြင့် ချင်းလူမျိုးတွေ က တောင်ကြို တောင်ကြား၊ ချောင်းဖျားတွေမှာ နေတဲ့အခါကျတော့ တစ်ခါတလေ မိခင်တွေပေါ့နော်။ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ မီးဖွားတဲ့ အခါ ဆေးရုံ ဆေးပေးခန်းတွေကို အချိန်မီမရောက်နိုင်ဘူးပေါ့။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးကို ပထမ ဦးစားပေး လုပ်ဆောင်သွား ပါမယ်”ဟု ပြောသည်။

ဦးပုန်ဘွယ်သည် NLD ပါတီမှ ရွေးကောက်ခံအမတ်တစ်ဦးအဖြစ်မှ ယခုကဲ့သို့ ပြည်နယ်ဝန်ကြီးဖြစ်လာသူဖြစ်ပြီး ဗိုလ်မှူးကြီးထိန်လင်းမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရခိုင်ပြည်နယ် လုံးခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဖြစ်လာသူဖြစ်သည်။ ဗိုလ်မှူးကြီးထိန်လင်းသည် ယခင်အစိုးရလက်ထက်တွင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ပါမည်နည်းဟု ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းအား နိရဉ္စရာက တွေ့ဆုံမေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

ယခုအခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွယ်တို့ကို ခန့်အပ်ထားပြီဖြစ်သည်။

ကျန်ရှိသည့် ပြည်နယ်ဝန်ကြီးများအားလည်း ယခုအပတ်အတွင်း ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ယခင်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ၉ ပါးရှိခဲ့သော်လည်း ယခု အစိုးရသစ် လက်ထက်တွင် ဝန်ကြီးနေရာများအား လျှော့ချသွားမည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မကြာသေးခင်က ပြောဆိုထားသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews/
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ကျမ်းသစ္စာကျိန်ဆို  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ကျမ်းသစ္စာကျိန်ဆို Reviewed by THITHTOOLWIN on 03:58 Rating: 5
Powered by Blogger.