ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ


|| ညီစောလွင် ||

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်က “တာဝန်နှင့် လုပ်ပိုင်ခွင့်” အပ်နှင်းတာ ဖြစ်တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိလ်က “အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်” လို့ ဥပဒေမှာ ဖော်ပြတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၃ မှာလည်း “နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်’ လို့ ဖော်ပြတာနဲ့ အတူတူပါပဲ။ တစ်ဆက်တည်း ဖော်ပြထားတာက ‘ဒုတိယ သမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း၊ နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်” လို့ ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာတော့ ဒီလို ပြဋ္ဌာန်းချက်မျိုး မပါဝင်ပါဘူး။ ဆိုလိုတာကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သမ္မတမှ တစ်ဆင့်မဟုတ်ဘဲ၊ ပြည်ထောင်စု လွှတ်တော်ကိုပဲ တိုက်ရိုက် တာဝန်ခံရပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆ မှာ “နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်” လို့ ပြဋ္ဌာန်းတယ်။ ပုဒ်မ ၅၇ မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်” လို့ ပြဋ္ဌာန်းတယ်။

ဖွဲ့စည်းပုံအရပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သမ္မတ အထက်ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ “သမ္မတ၏ အတိုင်ပင်ခံ” မဟုတ်လို့ သမ္မတ အောက်ကလို့ ပြောလို့လည်း မရပြန်ဘူး။ “နိုင်ငံတော်” ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ဆိုလိုတာ ဖြစ်တယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဥပဒေအရ (က) ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ (ခ) ဈေးကွက် စီးပွားရေး စနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး (ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ရည်ရွယ်ချက် ၄ ခုအတွက် တာဝန်ပေးအပ်တာ ဖြစ်တယ်။ ရည်ရွယ်ချက် အောင်မြင်ဖို့ “အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်” လို့ ဖော်ပြတယ်။

အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ပုဂ္ဂိုလ် ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ “ လူပုဂ္ဂိုလ်တစ်ဦး” ကို တာဝန်နှင့် လုပ်ပိုင်ခွင့် အပ်နှင်းတယ်။

နောက်တစ်ဆင့် ကတော့ ပုဒ်မ ၂၁၈ နဲ့ ဆိုင်ပါတယ်။ အတိအကျကတော့ “နိုင်ငံတော် သမ္မတသည် မိမိ၏ သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စများအတွက် လည်းကောင်း၊ အဆိုပါ ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရ ၀န်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန် လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်” လို့ ပါတယ်။

“ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်” ဆိုတဲ့ အချက်ကို အာရုံပြုစေချင်ပါတယ်။ ပုဒ်မ ၂၁၈ ပြဋ္ဌာန်းချက်ပါ “ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်များ အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် အရေးယူ ဆောင်ရွက်ရမည်။ ဆိုတဲ့ အချက်ကို ကျင့်သုံးနေသမျှ ဖွဲ့စည်းပုံနှင့် အညီဖြစ်ပါတယ်။

ဒါဟာ သမ္မတအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်တာ ဖြစ်လို့ ပုဒ်မ ၂၁၄ အရ သမ္မတ အနေနဲ့ “မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိ” ပါဘူး။

ဒါကြောင့် “နိုင်ငံတော်၏ အတိုင်ပင်ခံ” ပုဂ္ဂိုလ် တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆင့်နေရာဟာ သမ္မတ ပြဋ္ဌာန်းမယ့် နည်းဥပဒေအပေါ် မူတည်ပါတယ်။ ယင်းဥပဒေ အခန်း ၂ ရည်ရွယ်ချက် ၄ ခုက ကျယ်ပြန့်တဲ့ အလျောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်နေရာဟာ နည်းဥပဒေအပေါ် မူတည်ပြီး “သမ္မတနီးပါး” သို့မဟုတ် “သမ္မတ ကိုယ်ပွား” လည်း ဖြစ်ခွင့်ရှိနေပါတယ်။

ညီစောလွင်
The Ladies News
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ  ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.