အုပ်စုဖွဲ့ရိုက်နှက်မှုတွေ ပေါများလို့ ပခုက္ကူမြို့မှာ အရေးပေါ်မိန့် ထုတ်ပြန်


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အုပ်စုဖွဲ့ရိုက်နှက်မှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် အုပ်စုဖွဲ့ပြီး တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်သွားလာခြင်းမလုပ်ဖို့ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဧပြီလ ၂၃ ရက်နေ့ မနေ့က ရက်စွဲနဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အုပ်စုဖွဲ့ရမ်းကားသူတွေဟာ ဥပဒေအရ ဖမ်းဆီးခံရတဲ့အခါ အာမခံရယူဆောင်ရွက်နိုင်တာတွေ ရှိနေတာကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောပါတယ်။

အဲ့ဒီ အရေးပေါ်ကြေညာချက်ကို ပခုက္ကူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေ ပညာရှင်တွေ၊ မြို့နယ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စုဖွဲ့ရမ်းကားနေသူတွေရဲ့ အမည်စာရင်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်းပြုစုထားချက်အရ လူငယ်တွေများပြီး မူးယစ်ဆေးဝါးသုံးစွဲတွေလို့ ယူဆနိုင်တယ်လို့ ပြောပါတယ်။

အရေးပေါ်ကြေညာချက်မှာ အရက်သေစာ၊ မူးယစ်ဆေးဝါးသောက်စားပြီး အော်ဟစ်ဆဲဆိုတာ၊ ကြိမ်းမောင်းပြော ဆိုတာ၊ တုတ်၊ဓါး၊ လက်နက်ကိုင်ဆောင်ပြီး အများပြည်သူကို နှောက်ယှက်တာတွေ မပြုလုပ်ဖို့နဲ့ ကြေညာချက်ကို မလိုက်နာရင် ဒေသန္တရအမိန့်ခံဝန်အပြင် ခြေချုပ်ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထား ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အုပ်စုဖွဲ့ရိုက်နှက်မှုတွေ ပေါများလို့ ပခုက္ကူမြို့မှာ အရေးပေါ်မိန့် ထုတ်ပြန်  အုပ်စုဖွဲ့ရိုက်နှက်မှုတွေ ပေါများလို့ ပခုက္ကူမြို့မှာ အရေးပေါ်မိန့် ထုတ်ပြန် Reviewed by THITHTOOLWIN on 06:27 Rating: 5
Powered by Blogger.