ရထားတိုက်ဟန်ပြု လူသတ်မှုအား တောင်ငူခရိုင်အထူးအမှုစစ်အဖွဲ့မှ ဖော်ထုတ်အရေးယူ


 ရေတာရှည် ဧပြီ ၁၂

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု သစ်တောကျေးရွာအနီး ရန်ကုန်-မန္တလေးရထားလမ်းပေါ်တွင် အမျိုးသားတစ်ဦး ကို ရထားတိုက်ဟန်ပြုလုပ်ထားသည့် လူသတ်မှုအား တောင်ငူခရိုင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော အထူး အမှုစစ်အဖွဲ့က ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ပြစ်မှု ကျူးလွန်သူများကိုဖော်ထုတ်၍ ဧပြီ ၈ ရက်က တောင်ငူ ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ခဲ့ကြောင်း သိရ သည်။

အမှုမှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နံနက် ၄ နာရီခွဲခန့်က အုတ်တွင်းမြို့နယ် ဥယျာဉ်တော ကျေးရွာ အုပ်စု သစ်တောကျေးရွာအနီး ရန်ကုန်-မန္တလေး ရထား လမ်း မိုင်တိုင်အမှတ် ၁၆၂/၁ဝ နှင့် ၁၁ အကြားတွင် လူတစ်ဦး ရထားတိုက်မိ၍သေဆုံးနေကြောင်း သတင်း အရ အုတ်တွင်းမြို့မစခန်းမှူး ဒုရဲမှူး မြင့်သန်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ညောင်ပင်ကြီး ကျေးရွာအုပ်စု ပေပင်ကုန်း(အရှေ့)ရွာနေ စိုးကြီး(ခ) အောင်စိုးသူ (၂၈ နှစ်)ဖြစ်ကြောင်းသိရကာ ၄င်းတွင် ဦးခေါင်းနောက်စေ့ပေါက်ကွဲဒဏ်ရာ၊ နားနှစ်ဖက်သွေး ထွက်ဒဏ်ရာ၊ ဝဲခြေခုံပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရ၍ အုတ်တွင်းမြို့နယ်ဆေးရုံသို့ တင်ပို့ ပေးခဲ့သည်။

ထိုအမှုအားစစ်ဆေးဆောင်ရွက်စဉ် အခင်းဖြစ်ပွား သည့် အစုန်-အဆန်ရထားလမ်း နှစ်လမ်းရှိသည့်အနက် ယင်းနေ့ နံနက် ၃ နာရီနှင့် နံနက် ၆ နာရီကြားတွင် အဆန်လမ်းမှ ရထားသွားလာမှုမရှိဘဲ အစုန်လမ်းမှသာ ရထားသွားလာမှုရှိခြင်း၊ ရထားတိုက်မည်ဆိုပါက အလောင်းမှာ အစုန်လမ်းအလယ်မှ ရထားလမ်းတွင် ရှိမနေနိုင်ခြင်းနှင့် သေဆုံးသူ၏အလောင်းမှာ အစုန် ရထားလမ်းအလယ်တွင် ပက်လက်အနေအထားဖြင့် မြောက်ဘက်သို့ခေါင်းပြုကာ သေဆုံးနေသော်လည်း အခင်းဖြစ်နေရာ၌ သွေးစွန်းသွေးကွက်များမတွေ့ရှိခြင်း၊ အုတ်တွင်းမြို့နယ်ဆေးရုံမှ မှုခင်းဆိုင်ရာဆေးစာပြန်ကြား ချက်အရ တုံးသောအရာဝတ္ထုဖြင့် ပြင်းထန်စွာထိခိုက်မိ ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ရထားတိုက်မိ၍ သေဆုံးခြင်း မဟုတ်ဘဲ တုံးသောလက်နက်ဖြင့် ဝိုင်းဝန်းရိုက်နှက်၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်များအရ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်အား တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းစန်းဝင်း၊ ရဲအုပ်တင်ဦး တို့ ပါဝင်သော အထူးအမှုစစ်အဖွဲ့က မတ် ၃ ရက်တွင် လွှဲပြောင်းကာ စတင်စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ၏ ပေးပို့သည့် သတင်းများကို စုဆောင်းခြင်း၊ အခင်း ဖြစ်နေရာနှင့်ဆက်စပ်မှုရှိသော ကျေးရွာများသို့ စုံစမ်း လေ့လာခြင်းများဆောင်ရွက်ခဲ့ရာ ခိုင်လုံသည့် အထောက် အထားများနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် မောင်ရင် (ခ)ရင်ထွေး (၄၄ နှစ်) ပေပင်ကုန်း (အနောက်) ရွာ ညောင်ပင်ကြီးကျေးရွာအုပ်စုနေသူကို ဖမ်းဆီးရမိခဲ့ သည်။

မောင်ရင်(ခ)ရင်ထွေး၏ ထွက်ဆိုချက်များအရ အခင်းဖြစ်သည့်နံနက် ၃ နာရီခွဲနှင့် ၄ နာရီခန့်တွင် ပေပင် ကုန်း(အရှေ့)ရွာနေ စိုးကြီး(ခ)အောင်စိုးသူ၊ တစ်ရွာ တည်းနေ သန်းဝင်း(၅၅)နှစ်တို့သည် ကိုတင်အောင်၏ အရက်ဆိုင်ကိုရောက်ရှိလာကာ အရက်လာရောက်၍ သောက်ကြကြောင်း၊ အရက်သောက်ရင်း ဆူညံနေသည့် အတွက် ကိုတင်အောင်က ''မင်းတို့က စောစောစီးစီးဆူညံ နေတာပဲ''ဟုပြောခဲ့ရာ စိုးကြီး(ခ)အောင်စိုးသူက ''ငါ့ ဘာသာငါဆူတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ'' ပြန်ပြောရင်း စကားများသံကြားရပြီးနောက် မောင်ရင် (ခ)ရင်ထွေးက ပေါက်တူးကိုင်ကာ ကိုတင်အောင်၏နေအိမ်နောက်ဖေး ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ ကိုတင်အောင်က နွားတင်း ကုတ်အတွင်းသို့ ထွက်သွားရာ၌ စိုးကြီး (ခ) အောင်စိုးသူက နောက်မှလိုက်လာသဖြင့် ဆက်လက်စကားများနေစဉ် မောင်ရင်(ခ)ရင်ထွေးက ''မင်းတို့ စောစောစီးစီး ဘာဖြစ် ကြတာလဲ''မေးစဉ် မချေမငံပြန်ပြောသဖြင့် ပေါက်တူးနှင့် နှစ်ချက်ထုခဲ့ပြီး ကိုတင်အောင်ကလည်း နွားတင်းကုတ် ခေါင်မိုး၌ထိုးထားသော တံပိုးကျင်တုတ်ကိုယူ၍ စိုးကြီး အား ဆက်လက်ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ သေဆုံးသွားသည့် စိုးကြီး(ခ) အောင်စိုးသူ၏အလောင်းအား အိမ်၌ရှိသည့် ထော်လာဂျီ ပေါ်သို့ စောင်ဖြင့်ပတ်ပြီးမတင်ကာ တစ်ရွာတည်းနေ မောင်ရွှေ (၄ဝ နှစ်)အား ထော်လာဂျီမောင်းနှင်ရန် သွား ရောက်ခေါ်ခဲ့ပြီး တစ်ရွာတည်းနေ အေးမင်းဇော်(၃၁)နှစ်၊ စည်သူဝင်း(၃ဝ)နှစ်တို့နှင့်အတူ ထွေလာဂျီဖြင့် သယ်ဆောင်ကာ ရထားလမ်းသို့ အရောက် မောင်ရွှေနှင့် ကိုတင်အောင်တို့က စိုးကြီး(ခ)အောင်စိုးသူ၏အလောင်း အား ရထားလမ်းတွင် သွားရောက်ချထားခဲ့ခြင်း ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပြစ်မှုပါဝင်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဆက်လက်ဖမ်းဆီး စစ်ဆေးခဲ့ပြီး ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ ဧပြီ ၈ ရက်က တောင်ငူခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရထားတိုက်ဟန်ပြု လူသတ်မှုအား တောင်ငူခရိုင်အထူးအမှုစစ်အဖွဲ့မှ ဖော်ထုတ်အရေးယူ  ရထားတိုက်ဟန်ပြု လူသတ်မှုအား တောင်ငူခရိုင်အထူးအမှုစစ်အဖွဲ့မှ ဖော်ထုတ်အရေးယူ Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.