"လွိုင်ဆမ်ဆစ်"သင်္ဘောကို ဓားပြတိုက်လုယက်သူများအား ဖမ်းဆီးအရေးယူထား


 ဧရာဝတီမြစ်အတွင်း မောင်းနှင်လာသည့်သင်္ဘောကို ဓားပြတိုက်လုယက်သူများအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ ဧပြီ ၁၉

၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနှင့်ပုဏ္ဏားခြံကျေးရွာကြား၊ ဧရာဝတီမြစ်ကြောင်းအတွင်း "လွိုင်ဆမ်ဆစ်"အမည်ရှိ သင်္ဘောအား စက်လှေတစ်စီးဖြင့် လူ(၁၀)ဦးခန့်မှ ခရီးသည်ဟန်ဆောင်၍ သင်္ဘောကိုတားပြီး ချဉ်းကပ်လိုက်ပါလာကာ ရေတိမ်ပိုင်းသို့အရောက် သင်္ဘောသောင်တင်စဉ် သင်္ဘောမှန်များအားရိုက်ခွဲ၍ ရွှေ၊ ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃,၁၇၉,၅၀ဝိ/-)အား လုယက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းဘက်သို့ စက်လှေဖြင့် ထွက်ပြေးသွားကြောင်းသတင်းအရ တံတားဦးမြို့နယ်ရဲတပ်ဖွဲ့၊ အမရပူရမြို့နယ်ရဲတပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)တို့မှတပ်ဖွဲ့ဝင်များက ပုဏ္ဏားခြံကျေးရွာနေ ပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့သည်။


 ထိုသို့ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူများမှ ဖမ်းဆီးသည့်အဖွဲ့အား ဓားမြှောင်များဖြင့်ပစ်ပေါက်ခြင်း၊ ဓာတ်ဆီပုလင်းများအားမီးရှို့၍ပစ်ပေါက်ခြင်း၊ ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်လာ၍ သေနတ်ဖြင့် (၃)ချက် သတိပေးပစ်ခတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှ ၎င်းတို့၏စက်လှေအား စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်းကျေးရွာအနီးရှိ သောင်ပြင်သို့ ထိုးဆိုက်၍ ထွက်ပြေးသွားခဲ့သည်။


 ရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ မသင်္ကာသူ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းကျေးရွာနေ ဝင်းစိုး(၄၁)နှစ်အား ၁၅၄၅ အချိန်တွင် လွိုင်ဆမ်ဆစ် သင်္ဘောဆိုက်ကပ်ထားသည့် မြစ်လယ်သဲသောင်ပြင်မှလည်းကောင်း၊ နောက်ကြည့်ကျွန်းကျေးရွာနေ ဆန်းညွန့်ဦး(ခ)ငဂျစ်(၃၂)နှစ်ပါ(၆)ဦးအား ၁၆၂၀ အချိန်တွင် ရိပ်သာကျွန်းကျေးရွာအတွင်းမှလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းညွန့်ဦး(ခ)ငဂျစ်ပါ(၆)ဦးအား အရေးယူပေးရန် လွိုင်ဆမ်ဆစ်ရေယာဉ်အုပ် ဦးတင်ဆန်း(၄၈)နှစ်မှ တရားလိုပြုလုပ်တိုင်တန်း၍ တံတားဦးမြို့မ ရဲစခန်း(ပ)၇၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။


 စစ်ဆေးချက်အရ ငဇော်(ခ) ဇော်ဇော်(စိစစ်ဆဲ)ဦးဆောင်ပြီး ဆန်းညွန့်ဦး(ခ)ငဂျစ်၊ ချစ်ချော၊ အောင်စိုးဦး၊ မောင်ဦး၊ စိုးစိုး၊ ငထွန်း(ခ)ဖက်တီး၊ အောင်ဝင်းစိုး၊ မင်းမင်းထွန်း၊ ငမဲ၊ ဇော်သန်းဦး၊ ကျွဲကြီး(ခ)ဇော်မင်းဦးနှင့် သီဟဝင်းတို့ပါ(၁၃)ဦးအဖွဲ့သည် စက်လှေ(၂)စီးဖြင့် ရိပ်သာကျွန်းရေဆိပ်မှ ပုဏ္ဏားခြံရေလယ်ကျွန်း အနီးသို့ သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း၊ ဆန်းညွန့်ဦး(ခ)ငဂျစ် မောင်းနှင်သည့် စက်လှေပေါ်၌ ၎င်းပါ(၅)ဦးနှင့် ဇော်သန်းဦး မောင်းနှင်သည့်စက်လှေပေါ်၌ ငဇော်(ခ)ဇော်ဇော် ပါ(၈)ဦးတို့လိုက်ပါ ခဲ့ကြောင်း၊ ထို့နောက် မြစ်အတွင်း မောင်းနှင်လာသည့် လွိုင်ဆမ်ဆစ်သင်္ဘောကို ငဇော်(ခ)ဇော်ဇော်မှ ပုဏ္ဏားခြံရေလယ်ကျွန်းအနီးရှိ ကမ်းသို့ကပ်ခိုင်းရာ မကပ်သဖြင့် အဖွဲ့လိုက် ဓားရှည်များနှင့်လေးခွများ ကိုင်ဆောင်ကာ သင်္ဘောပေါ်သို့တက်ရောက်ပြီး စက်ခန်းအား လေးခွဖြင့်ထု၍ ကမ်းကပ်ခိုင်းသော်လည်း မကပ်သဖြင့် သင်္ဘောပေါ်ပါ ရွှေ၊ ငွေနှင့် လူသုံးကုန်ပစ္စည်းများအား လုယူထွက်ပြေးခဲ့ကြကြောင်း သိရှိရသဖြင့် ထွက်ပြေးတိမ်းရှောင်သွားသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ များအနက် ရိပ်သာကျွန်းကျေးရွာနေ နှာနီ(ခ)ဇော်သန်းဦး(၃၀)နှစ်အား ၁၈-၄-၂၀၁၆ ရက်နေ့ ၀၉၄၅ အချိန်တွင် ၎င်း၏နေအိမ်မှလည်းကောင်း၊ တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၀)နှစ်အား ၎င်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှလည်းကောင်း ဖမ်းဆီးရမိခဲ့၍ အမှုဖြင့်အရေးယူခဲ့ပြီး ကျန်ရှိတရားခံ များအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
"လွိုင်ဆမ်ဆစ်"သင်္ဘောကို ဓားပြတိုက်လုယက်သူများအား ဖမ်းဆီးအရေးယူထား  "လွိုင်ဆမ်ဆစ်"သင်္ဘောကို ဓားပြတိုက်လုယက်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 15:12 Rating: 5
Powered by Blogger.