ပျော်ရွှင်ဆင်နွှဲအတာသင်္ကြန်ပွဲ

မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်တွင် ရေပက်ကစားနေသည့် မြင်ကွင်းအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)
    ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

    ယနေ့ ကျရောက်သည့် မြန်မာအတာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များ၌ နံနက် ၈နာရီမှ စတင်၍ ရေကစားသူများ၊ ရေပက်ခံသူများ ဖြင့်စည်ကားလျက်ရှိသည်။

မြူးကြွသော တေးဂီတသံစဉ်များနှင့် အတူ မဏ္ဍပ်ပေါ်တွင် အဆိုတော်များ တေးသီချင်း သီဆို နေကြတာကို စင်အောက်မှ ပရိတ်သတ်များက ဂီတသံစဉ်နှင့် အတူ ပျော်ရွှင်စွာ ကခုန်လျက်ရှိသည်။ ယခုနှစ်သည် အပူလွန်ကဲသည့် နှစ်ဖြစ်သည့်အတွက် မဏ္ဍပ်များ၌ ရေကစားချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ  ညနေ ၆ နာရီအထိ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

အိမ်များ၏ အရှေ့တွင် အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ထားကြတာတွေ့ရပြီး အတာပန်းကို (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုး၍ သင်္ကြန်အားကြိုဆိုကြတာတွေ့ရသည်။

သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။ “ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။


၎င်း ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာသည့် ဝေါဟာရသည် သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေ၏ ဘာသာစကား ယဉ်ကျေးမှု ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြား ခြားနားမှု ရှိကြောင်း သိရသည်။ မြန်မာတို့ရဲ့ “သင်္ကြန်”၊ ထိုင်းတို့ရဲ့ “ဆွန်ကရန်” (Song Kran)၊ ကမ္ဘောဒီးယားတို့ရဲ့ “ချိုချနန်သမေး” (Chol Chnam Thmey)၊ လာအိုတို့ရဲ့ “ဘီးမိုင်” (Bpee Mai)နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ “ရေသဘင်ပွဲ”ဆိုတဲ့ “နှစ်သစ်ကူးပွဲတော်”တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာတဲ့ ပွဲတော်များ ဖြစ်ကြောင်း သိရသည်။

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဖြစ်ကြောင်းသိရသည်။ “အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်သည်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ အဖြစ်သတ်မှတ်၍ အတာစားသည်ဟု ပြောဆို သုံးစွဲနေကြသေးကြောင်းသိရသည်။


ယခုနှစ်သည် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်မှ ၁၃၇၈ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာနှစ်ကူးကာလ ဖြစ်ပြီး အတာသင်္ကြန်အတက်နေ့ သည် ဧပြီလ ၁၆ ရက် စနေ့နေ့ဖြစ်သည်။

အတာသင်္ကြန်ပွဲတော်သည် ပျော်စရာ နှစ်သစ်ကူးပွဲတော်ဖြစ်သလို အန္တရာယ်များလည်း များပြားသည့် အတွက်လူငယ်များ ဂရုပြုပျော်ရွှင်သင့်သည့်ပွဲတော်တစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ရဲတပ်ဖွဲ့တွေအနေနဲ့လည်း  သင်္ကြန်ကာလ လုံခြုံရေးကို အထူးဂရုပြုပြီး တာဝန်တွေချထားဆောင်ရွက်နေပါတယ်။ ယာဉ်မတော်တဆမှုအန္တရာယ်၊ လူငယ်အချင်းချင်းမူးယစ်ပြီး ရန်ဖြစ်တာတွေ  အပြင်တခြားလုံခြုံရေး ကိစ္စတွေကိုလည်း အထူးကြပ်မတ်ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက နှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် အခြားလူမှုကရုဏာ အကူအညီများအတွက် အရေးပေါ်ဖုန်းနံပတ်များအား ဆက်သွယ်နိုင်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သလို မဏ္ဍပ်ကြီးများတွင် ရှေးဦးပြုစုခြင်း စခန်းများသီးသန့်ဖွင့်လှစ် ကူညီပေးရန် သတိနှင့် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပျော်ရွှင်ဆင်နွှဲအတာသင်္ကြန်ပွဲ  ပျော်ရွှင်ဆင်နွှဲအတာသင်္ကြန်ပွဲ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.